သျှမ်းပြည် မြို့နယ်အများအပြား ရေကြီးမှုကြုံနေရပြီး ပြည်သူများ စားဝတ်နေရးပိုခက်ခဲနေ

သျှမ်းပြည် မြို့နယ်အများအပြား ရေကြီးမှုကြုံနေရပြီး ပြည်သူများ စားဝတ်နေရးပိုခက်ခဲနေ

သျှမ်းပြည်တွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှု ပိုပြီးခံရပြီး နေအိမ်ထဲထိ ရေဝင်ရောက်မှုရှိလာသဖြင့် ပြည်သူများ အခက်အခဲများစွာ ကြုံနေရကြောင်း စုံစမ်းသိရသည်။

လက်ရှိကာလမှာ တဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကြုံတွေ့နေရပြီး၊ တဖက်တွင်လည်း မိုးရေကြီးမှုကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း သတင်းရရှိသည်။

ယမန့်နေ့ ဇူလိုင် (၂၆) သျှမ်းတောင်လင်းခေးမြို့တွင် နမ့်တိမ်ချောင်းရေကြီးမှုကြောင့် ချောင်းဘေးရှိ ဈေးဆိုင်များအားလုံး ရေထဲပါသွားကြောင်း လင်းခေးမြို့ဒေသခံ စိုင်းဆေဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်တိမ်ချောင်းက ရေတက်လာတာ။ ချောင်းဘေးမှာ ဆိုင်ဖွင့်ထားတဲ့ ဆိုင်တွေကတော့ ရေထဲပါသွားတယ်။ ပစ္စည်းတွေ မသယ်ထုတ်လိုက်ရဘူး။ ညအချိန်မှ ရေကြီးလာတော့ အဲနားရှိတဲ့ အကင်ဆိုင်လည်း ရေထဲပါသွားတယ်” ဟု လင်းခေးမြို့ဒေသခံ စိုင်းဆေဟန်ကပြောသည်။

သျှမ်းရှေ့ မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာတွင်လည်း ယမန့်နေ့ ဇူလိုင် ၂၆ ရက်နေ့က မိုးရေတွေနဲ့အတူ သဲများပါလာ‌သောကြောင့် ပြည်သူများနေအိမ်တွင်‌ နေထိုင်လို့မရဘဲ နီးစပ်ရာဘုန်းကြီးကျောင်းတွင် သွားနေထိုင်ကြရကြောင်း သိရသည်။

“မနေ့က မိုးတွေရွာလာတာကြောင့် သဲတွေပါလာတယ်။ သဲတွေက နေအိမ်ထဲထိဝင်တယ်လေ။ တချို့သူတွေကတော့ နေအိမ်မှာအိပ်လို့မရလို့ ဘုန်းကြီးကျောင်းမှာ သွားနေတာရှိတယ်” ဟု နားဟိုင်းလုံကျေးရွာတွင်နေထိုင်သည့် အမျိုးသားကပြောသည်။

နားဟိုင်းလုံကျေးရွာအတွင်း ရွှေတူးဖော်မှု အလွန်အကျွံပြုလုပ်ကာ တောင်များပျက်စီးခြင်းကြောင့် နှစ်စဉ် ရေကြီးမှုများဖြစ်ပွားလာခဲ့ပြီး နေအိမ်များကို စွန်ခွာခဲ့ရသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် သျှမ်းပြည်အရှေ့ပိုင်း မိုးရေကြီးမှုကြောင့် လမ်း၊တံတားတွေ ပျက်ဆီးသွားရသည့်အပြင် တောင်ကျရေများကြောင့်လည်း ပြည်သူတွေ သေဆုံးမှုရှိခဲ့သည်။

သျှမ်းရှေ့ မိုင်းယောင်းမြို့တွင်လည်း ဇူလိုင်း ၂၀ ရက်နေ့တွင် မိုးရေကြီးပြီး တောင်းကျရေတွေကြောင့် ကျေးရွာအတွင်း အဓိကဆက်သွယ်ထားသည့် တံတားတစ်စင်း ပျက်ကျသွားခဲ့ပြီး ယနေ့ချိန်ထိ မိုးရွာသွန်းနေသဖြင့် ရေကျသွားခြင်းမရှိသေးကြောင်း သိရသည်။

“ရေကတော့ တက်နေသေးတယ်။ မကျသေးဘူး။ တံတားကတော့ ကျနော်တို့ ယာယီအနေနဲ့ ပြန်လုပ်ထားတယ်။ ခုက ကိုဗစ်လည်းဖြစ် ရေလည်းကြီးလာတော့ တစ်ပူပေါ်တစ်ပူဆင့်နေသလို ဖြစ်နေတာပေါ့။ အခြေခံလူတန်းစာဆိုရင် ပိုပြီးကျပ်တည်းလာတာပေါ့” ဟု မိုင်းယောင်းမြို့နယ် လူမှုကူညီပေးနေသည့် အမျိုးသားတဦးက ပြောသည်။

ထိုမိုးရေကြီးမှုသည် အဓိက တောင်ကျချောင်းရေနှင့်အတူ တောတောင်များပြုန်းတီးမှုကြောင့် ရေကြီးရသည်ဟု အထက်ပါ လူမှုကူညီပေးနေသည့် အမျိုးသားကဆိုသည်။

၂၀၂၁ မိုးရာသီကာလတွင် သျှမ်းပြည်နယ်တွင် လင်းခေးမြို့၊ မိုးနဲမြို့၊ မိုင်းပျဉ်းမြို့၊ မိုင်းယောင်းမြိုနယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းရယ်မြို့ စသည့်နေရာဒေသများတွင် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး မိုင်းပျဉ်ဒမြို့တွင် မိုးရေကြီးပြီး တောင်ကျချောင်းရေနှင့်အတူ မြေတိုက်စားမှုကြောင့် လမ်းလုပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...