သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေတိုက်စားပြီး လမ်းလုပ်သား ၁၂ ဦး ရေစီးထဲမျောပါသွားပြီး လမ်းလုပ်သား (၄) ဦးကို ဇူလိုင် ၂၃ ရက်တွင် ထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
ထိုပြန်လည်တွေ့ရှိသည့် လမ်းလုပ်သား (၃) ဦးသည် ကလေး (၂) ဦးနှင့် လူကြီး (၁) ဦးကိုသာ ပြန်လည်တွေ့ရှိကြောင်း မိုင်းပျဉ်းမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။
“၂၃ ရက်နေ့က ၃ ယောက်ထပ်တွေ့တယ်။ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် ပြန်တွေ့တယ်။ ကလေးက တယောက်ခေါင်းပေါက်ပြီး၊ ကျန်တဲ့တယောက် လက်ကျိုးသွားတယ်။ ကျန်တဲ့သူတွေတော့ ဒီနေ့ထိပြန်မတွေ့သေးဘူး” ဟု မိုင်းပျဉ်းမြို့ ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သတင်းဌာနကို ပြောသည်။
တောင်ကျရေတိုက်စားမှုကြောင့် မိုင်းပျဉ်းမြို့နယ်တွင် လမ်းလုပ်သား (၆) ဦးသေဆုံးကာ လက်ရှိအချိန်ထိ အလောင်းမတွေ့သေးကြောင်း၊ ထို့ပြင် လမ်းလုပ်သား (၄) ဦးကို အသက်ရှင်လျက်ပြန်တွေ့ပြီး၊ တဦး သေဆုံးလျက်ပြန်တွေ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသည့် လမ်းလုပ်သားများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါကြောင်း သတင်းရရှိသည်။
“လမ်းလုပ်သားအားလုံးတော့ ၁၂ ယောက်ရှိတာပေါ့။ အသက်ရှင်နေတာက ၄ ယောက်နဲ့ နှစ်ယောက်က အလောင်းပဲပြန်တွေ့တာ။ ၆ ယောက်က ဒီနေ့ထိ ပြန်မတွေ့သေးဘူး။ အဲထဲမှာ အမျိုးသမီးတွေပဲထင်တယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တွေပါတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
မိုင်းပျဉ်းမြို့နယ်တွင် ဇူလိုင် ၂၁ ရက်နေ့ညက မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုကာ လမ်းလုပ်သား (၁၂) ဦး ရေထဲမျောပါသွားကြောင်း သိရသည်။
လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းအထူးတပ်ဖွဲ့ (၃) မှ ဦးအာကာကျော်အပါအဝင် ကျား (၈) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၂) ဦးသည် တောင်ကျချောင်းရေတိုက်စားပြီး တောင်ပြိုကျမှုကြောင့် ရေစီးနှင့်အတူ နမ့်လုံချောင်းအတွင်းသို့ မျောပါသွားခဲ့တာဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် မိုးသည်ထန်းစွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေတွေကြောင့် သျှမ်းရှေ့၊ သျှမ်းတောင်ရှိ မြို့တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။







