အမ်းဓါတ်အားခွဲရုံအတွင်း မီးလောင်မှုဖြစ်ပွား၍ အမ်းနှင့် အနီးအနားမြို့အချို့တွင် လျှပ်စစ်မီးပြတ်နေ

အမ်းဓါတ်အားခွဲရုံအတွင်း မီးလောင်မှုဖြစ်ပွား၍ အမ်းနှင့် အနီးအနားမြို့အချို့တွင် လျှပ်စစ်မီးပြတ်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဇာဒီမော်ဓါတ်အားခွဲရုံအတွင်း ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့သည့်အတွက် ယင်းဓါတ်အားခွဲရုံမှ လျှပ်စစ်မီးပေးသည့် အမ်းမြို့နယ်အပါအဝင် မြို့အချို့တွင် မီးပြတ်နေကြောင်း သတင်းရရှိသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်က ဇာဒီမော်ဓါတ်အားခွဲရုံမှ ပေါက်ကွဲသံတစ်ခုကြားရပြီးနောက် လျှပ်စစ်မီးပြတ်သွားခြင်းဖြစ်ကြောင်း အမ်းမြို့မှ ကိုသက်လင်းအောင်က ပြောသည်။

“ဒီနေ့ မနက်အရုဏ်ပိုင်းလောက်က အဲဒီက ပေါက်ကွဲသံတစ်ခု ကြားလိုက်ရတယ်။ နောက် စုံစမ်းလိုက်တော့ ဓါတ်အားခွဲရုံကပေါ့နော်။ အဲဒီမှာ လျှပ်စစ်ကြိုးတွေဘာတွေ ပြတ်သွားတော့ ဇာဒီမော်ရွာနားက နွားနှစ်ကောင်က အဲဒီကြိုးနဲ့ငြိပြီး ဓါတ်လိုက်ပြီးသေသွားတယ်။ လူတွေတော့ ဘာမှမဖြစ်လိုက်ပါဘူး။ အဲဒီဓါတ်အားခွဲရုံက ဇာဒီမော်ရွာကိုသွားတဲ့လမ်းမှာရှိတာပါ” ဟု ပြောသည်။

မီးစတင်လောင်ပြီး မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဇာဒီမော်ဓါတ်အားခွဲရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်စိုးက ပြောသည်။

“အခုလောလောဆယ်က ပြုပြင်နေဆဲပါ။ အခုတော့ အန္တရာယ်မရှိတော့ပါဘူး။ လူလည်း အထိအခိုက်မရှိပါဘူး။ 230/33/11 KV ဓါတ်အားခွဲရုံအတွင်းမှာ ဆီယိုစိမ့်မှုဖြစ်ပြီးတော့ မီးလောင်ကျွမ်းမှုဖြစ်သွားတာပါ။ မီးကတော့ သိပ်အများကြီးလောင်တာ မဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုပါ ဓါတ်အားခွဲရုံကို ပြုပြင်နေဆဲဖြစ်သည့်အတွက် လက်ရှိတွင် အမ်းမြို့၊ တပ်တောင်မြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အမ်းမြို့နယ်တွင်းအပါအဝင် မြေပုံမြို့နယ် ကမ်းထောင်းကြီးတို့တွင် မီးပြတ်နေကြောင်း သူက ဆက်ပြောသည်။

ထိုဓါတ်အားခွဲရုံအား ပြုပြင်ရန်  ၃ ရက်ခန့်ကြာမည်ဟု ၄င်းကပြောသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...