မြိုနှင့်ခမီလူမျိုးများနေထိုင်ရာ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်းဖြစ်၊ ရိက္ခာလည်းပြတ်လပ်နေဟုဆို

မြိုနှင့်ခမီလူမျိုးများနေထိုင်ရာ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်းဖြစ်၊ ရိက္ခာလည်းပြတ်လပ်နေဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မြိုနှင့် ခမီတိုင်းရင်းသားများနေထိုင်ရာ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်းဖြစ်နေပြီး စခန်းတစ်ခုလုံး စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သတင်းရရှိသည်။

၄င်းစစ်ဘေးရှောင်စခန်းတွင် ယခုဇူလိုင်လ အတွင်း ကလေးငယ်တချို့မှာ ဝမ်းပျက်၊ ဝမ်းလျော၊ ဆီးအောင့်သည့် ဝေဒနာခံစားနေရကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ် စောင့်ရှောက်ရေးတာဝန်ခံ ဒေါ်မအေးခင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“ကလေးတွေတချို့ လေးငါးယောက်လောက် နေမကောင်းဖြစ်နေကြပါတယ်။ ဝမ်းသွားကြတယ်။ အပေါ့သွားရင် ကျောက်ပါတဲ့ကလေးတစ်ယောက်ကိုတော့ စစ်တွေဆေးရုံကို မနက်ဖြန်ပို့နိုင်ဖို့ စီစဉ်နေပါတယ်။ လွန်ခဲ့တဲ့အပတ်ထဲကတော့ ကျန်းမာရေးကရောက်ပါတယ်။ ဒီအပတ်မှာ ရွာတွေကို လော့ဒေါင်းချထားတော့ မရောက်ကြတော့ဘူး။ စခန်းမှာ စားနပ်ရိက္ခာတွေလည်း ဒီလထဲမှာ လုံးဝမရသေးတော့ အဟာရများ ချို့တဲ့နေကြလို့လားမသိဘူး” ဟု ပြောသည်။

၄င်းတို့စခန်းတွင် လူဦးရေ ၅ဝဝ ကျော်နေထိုင်ပြီး ခမီလူမျိုး မိသားစုအနည်းငယ်နှင့် မြိုလူမျိုးအများစု နေထိုင်ခြင်းဖြစ်ကြောင်း ဒေါ်မအေးခင်က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါက်တာသန်းထွန်းဦးအားမေးမြန်းရာ ၄င်းအား ကျန်းမာရေးမှူးများမှ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

“အဲဒါကျွန်တော့ဆီကိုတော့ စာရင်းတက်မလာသေးဘူး။ စစ်ဘေးရှောင်စခန်းကတော့ ဖွင့်လို့ရှိပါတယ်။ နေမကောင်းတာ ဘယ်ဟာ နေမကောင်းဘူးလို့ပြောပါလဲ။ ကျွန်တော်တို့ ကျန်းမာရေးဌာနကို အရင်အကြောင်းမကြားပဲ။ သူတို့က သတင်းဌာနကို အရင်အကြောင်းကြားတာဖြစ်မယ်။ ကျွန်တော်မေးပြီးမှ အတည်ပြုပေးပါမယ်နော်” ဟု ပြောသည်။

ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်လည်းဖြစ်သူ ဦးမောင်ဝင်းက “ကန်စောက် တောင်မင်းကုလား၊ ဝါးတောင် စစ်ဘေးရှောင်စခန်းကလူတွေဟာ ပြည်နယ်အစိုးရဆီမှာ ပြန်ဖို့တောင်းလို့ ပြန်ခွင့်ပေးလိုက်ပါပြီ။ ပလက်ဝက အဖွဲ့တွေလောက် နည်းနည်းလောက်ကျန်မယ်။ နေမကောင်းတာက အရင် ဝမ်းသွား၊ အနာပေါက်တာက လွန်ခဲ့တဲ့ တစ်လနှစ်လလောက်က တစ်ခါဖြစ်တယ်။ ကျွန်တော် ကန်စောက်အုပ်ချုပ်ရေးမှူးနဲ့ ဆရာတော်ကိုမေးကြည့်ပါအုန်းမယ်” ဟု ပြောသည်။

၄င်းတို့အနေဖြင့် အဆိုပါစစ်ဘေးရှောင်စခန်း၏အခြေအနေကို လတ်တလောတွင် ဖြေကြားနိုင်ခြင်းမရှိကြသေးကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...