ပုလောတွင် ပျူစောထီးဆိုသူအား ဓါးဒဏ်ရာနှင့် ရုပ်အလောင်းတွေ့

ပုလောတွင် ပျူစောထီးဆိုသူအား ဓါးဒဏ်ရာနှင့် ရုပ်အလောင်းတွေ့

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ပြည်သူ့စစ် (ပျူစောထီး) တစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် ၂၅ ရက်နေ့၊ နံနက် ၉း၄၅ နာရီအချိန်ခန့်တွင် ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာရှိ ရေမြောင်းအတွင်း ဓါးဒဏ်ရာနှင့် သေဆုံးနေသည့် ပြည်သူ့စစ် (ပျူစောထီး) တစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

"ဒီမနက် (ဇူလိင်လ ၂၅ ရက်နေ့) က အလောင်းကို ရွာထဲက သေဆုံးသူရဲ့အိမ်အနားက ရေမြောင်းထဲမှာ မှောက်လျက်အနေအထားနဲ့ ရင်ဘတ်မှာ ဓါးဒဏ်ရာနဲ့တွေ့တာ၊ ဘယ်နှစ်ချက်လည်းတော့မသိဘူး၊ သေတာက ကြာပြီထင်တယ်။ တောင့်နေပြီ” ဟု ကျောင်းနိမ့် ရွာသားတစ်ဦး က ပြောသည်။

ကျောင်းနိမ့်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးက ကျွဲကျောင်းသွားရာမှ အလောင်းကို တွေ့ရှိခဲ့ခြင်းကြောင့် ရွာသားများက သက်ဆိုင်ရာ ပုလောရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု ရွာသားများက ပြောသည်။

သက်ဆိုင်ရာပုလောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးသည့်ရာ ရင်ဘတ်တွင် ထိုးသွင်းဓါးဒဏ်ရာများနှင့် လက်ထဲတွင် လက်ထိပ်တစ်စုံကိုင်ထားသည်ကို တွေ့ရသည်ဟု ဒေသခံ ကျောင်းနိမ့်ရွာသူရွာသားများက ပြောသည်။

“အခုတွေ့တဲ့အလောင်းက သားကန်းမဲလို့ခေါ်တယ်။ အသက် ၃၇ နှစ်လောက်ရှိပြီ။ ပြည်သူ့စစ်လုပ်နေတယ်။ ဘာအကြောင်းနဲ့ ဘယ်သူသတ်သွားတာလဲဆိုတာ အခုထိတော့ မသိရသေးဘူး” ဟု ကျောင်းနိမ့်ကျေးရွာက အသက် ၄၀ ခန့် အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးနေသူသည် ကျောင်းနိမ့်ကျေးရွာ၏ ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးထဲက တစ်ဦးဖြစ်ပြီး ရွာထဲတွင် စစ်ကောင်စီကို သတင်းပေးခြင်း၊ ရွာသားများကို အနိုင်ကျင့်အာဏာပြခြင်းတို့ အမြဲလုပ်ဆောင်လျှက်ရှိရာ ၎င်းက အဆိုးဆုံးဖြစ်သည်ဟု ကျောင်းနိမ့်ရွာသားများက စွပ်စွဲပြောဆိုသည်။

ရုပ်အလောင်းကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့များက သယ်ဆောင်သွားပြီးနောက် မကြာခင်တွင် စကစတပ်ဖွဲ့များ ထပ်မံရောက်ရှိလာပြီး ရွာလုံးကျွတ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းနိမ့်ရွာသားများက ပြောသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးသွားခြင်းများ မရှိသေးသော်လည်း ရွာသူရွာသားများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

ရုပ်အလောင်းတွေ့ရှိခဲ့သည့် ဖြစ်စဥ်နှင့်ပတ်သက်၍ ပုလောမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆေးစာမရရှိသေးသည့်အတွက် တိတိကျကျမပြောနိုင်သေးကြောင်းနှင့် အဆိုပါ လူသေမှုဖြစ်စဥ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...