မိုင်းငေါ့တွင် ကိုဗစ်လူနာထပ်တွေ့၊ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်

မိုင်းငေါ့တွင် ကိုဗစ်လူနာထပ်တွေ့၊ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာသစ် အမျိုးသား (၁) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ မိုင်းငေါ့ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်မှုရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါလူနာသည် ယခုလအတွင်း ဗန်းမော်မြို့မှ မိုင်းငေါ့မြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အနံ့ပျောက်နေကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူ (၅၀၀) နီးပါးကျန်ရှိနေပြီး ဆေးဝါးတစ်ချို့လိုအပ်နေကြောင်း သိရသည်။

“ခုက စစ်ကိုလည်းကြောက်ရ၊ ကိုဗစ်ကိုလည်း ကြောက်နေရတာ၊ နောက်ပြီး မိုးရာသီဆိုတော့ ရာသီတုပ်ကွေးဖြစ်တာတွေလည်း ရှိနေတယ်။ ကျန်းမာရေး သွားရောက်ကုသပေးတယ်ဆိုတာလည်း နေ့တိုင်း မသွားနိုင်ဘူးလေ။ ကလေးတွေမိုးမိလို့ နေမကောင်းတာတွေ၊ ကိုက်ခဲတာတွေ အဲ့လိုတွေဖြစ်နေတာရှိတယ်။ သူတို့တွေအတွက် ဆေးဝါးတွေက လိုအပ်နေတာပေါ့” ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီသူ ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းငေါ့စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် (၅၀၀) ဝန်းကျင် ကျန်ရှိနေသေးပြီး တချို့စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း၊ အလှူရှင်များ လှူဒါန်းလာသည့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ဆက်ပြီး ပို့ဆောင်ကူညီပေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တစ်ချို့က စစ်ရှောင်စခန်းကို ရောက်လာတာ ကြာနေပြီ။ ရွာမှာက သက်ကြီးရွယ်အိုတချို့နဲ့ ကျွဲ၊ နွားတွေ ကျန်ခဲ့တော့ အဲ့တာတွေပြန်ကြည့်ဖို့ ပြန်သွားတဲ့သူတွေရှိတယ်။ တချို့က ဆွေမျိုးတွေရှိတဲ့နေရာကို ပြောင်းသွားကြတယ်။ စစ်ရှောင်စခန်းကနေ အပြင်ကို လျှောက်သွားပြီးမှ စခန်းကို ပြန်လာချိန် ကိုဗစ်ပိုး ကူးလာမှာကိုတော့ စိုးရိမ်မိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်စခန်းရှိသည့် မိုင်းငေါ့မြို့တွင် ယနေ့မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ (၃) ဦး တွေ့ရှိထားပြီး အဆိုပါလူနာနှင့် ထိတွေ့မိသူများကို Home Q သတ်မှတ်ထားကာ ကိုဗစ်ပိုးထပ်မံစစ်ဆေးရန် ရှိနေသေးကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...