ကျောက်တော်တွင် ဖမ်းဆီးခံရသည့်လူငယ်နှင့် မိသားစုများ အဆက်အသွယ်မရသေးဟု ပြောဆို

ကျောက်တော်တွင် ဖမ်းဆီးခံရသည့်လူငယ်နှင့် မိသားစုများ အဆက်အသွယ်မရသေးဟု ပြောဆို

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ အဖွဲ့ဝင် ကိုဇော်ဇော်ဌေး (ခ) စောထွန်းကို ဇူလိုင်လ ၂၁ နေ့က လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ကိုဇော်ဇော်ဌေး (ခ) စောထွန်း၏ မိသားစုဝင်တစ်ဦးမှ နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။

ကျောက်တော်မြို့၊ သာသနာ့ ဗိမာန်အနီးတွင် ကွမ်းယာဝယ်ရန်သွားရောက်စဉ် ဇူလိုင် ၂၁ နေ့လယ် ၂ နာရီအချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“သူက အဲဒီနေ့ ၂ နာရီလောက်မှာ သာသနာ့ဗိမာန်အနားက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်ဖို့သွားတဲ့အခါ ဆိုင်ကယ်နှစ်စီးနဲ့ လူငယ်သုံးယောက် ရောက်လာပြီးတော့ ကျနော်တို့ဆီကိုလိုက်၊ စစ်ဆေးစရာရှိတယ်လို့ ခေါ်နေတုန်း နောက်ထပ် အသက် ၄၀ ဝန်းကျင် နှစ်ယောက်ရောက်လာပြီးတော့ ခေါ်သွားတယ်” ၎င်းက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ရက္ခိုင့်တပ်တော် (AA) မှဟု ကြားသိရသဖြင့် တာဝန်ရှိသူတစ်ဦးအား ကိုဇော်ဇော်ဌေး (ခ) စောထွန်း၏ ယောက်ဖတော်စပ်သူမှ သွားရောက်မေးမြန်းရာတွင် AA မှ ဗိုလ်မှူးက စစ်ဆေးမေးမြန်းရန်ရှိသည့်အတွက် ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု ၎င်းယောက်ဖတော်စပ်သူက ပြောသည်။

“ကျနော်တို့က သူကိုဘယ်ကိစ္စကြောင့် ဖမ်းဆီးသွားတယ် ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာ သိချင်တယ်။ သူနဲ့တွေ့လို့ရနိုင်လားဆိုတာကို မိသားစုတွေအနေနဲ့ သိချင်ပါတယ်” ဟု ထပ်လောင်းပြောကြားသည်။

အစ်မဖြစ်သူ ဒေါ်စောမြသန္တာကလည်း ယနေ့ ဇူလိုင် ၂၃ ရက်နေ့ နံနက်ထိ အဆက်အသွယ်မရသေးကြောင်း၊ မည်သည့်အတွက် ဖမ်းဆီးသည်ကို သိလိုကြောင်း၊ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် လိုက်ပါသွား၍ အဝတ်အစားများ ထည့်ပေးလိုကြောင်း ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် မိသားစုဝင်တွေနှင့် ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးသဖြင့် စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်ရာ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားမှု မရှိသေးပါ။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...