မြောက်ဦးအောက်ဆီဂျင်စက်ရုံ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်မည်မဟုတ်ဟုဆို

မြောက်ဦးအောက်ဆီဂျင်စက်ရုံ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်မည်မဟုတ်ဟုဆို

မြောက်ဦးဆရာတော်ဦးဆောင်၍ ကိုယ်ထူကိုယ်ထဖြင့် ပြုလုပ်ထားသည့် မြောက်ဦးမြို့နယ်မှ အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ကောင်စီ၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်မည်မဟုတ်ဟု နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့က ပြောဆိုလိုက်သည်။

အဆိုပါစက်ရုံစက်ရုံကို တာဝန်ယူလုပ်ကိုင်နေသည့်အဖွဲ့အား ပြည်နယ် ပစကကောင်စီက အလှူငွေ သိန်း ၁ဝဝ လာရောက်လှူဒါန်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း၊ သို့ရာတွင် ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ရက်စွဲဖြင့် ရခိုင်ပြည်နယ်ကောင်စီက အစည်းအဝေးဆုံးဖြတ်ချက်များအထဲတွင် ၄င်းစက်ရုံမှ အောက်ဆီဂျင်များကို ပြည်နယ်မှညွှန်ကြားချက်အတိုင်းသာ ဖြန့်ဖြူးရန်ထုတ်ပြန်ခဲ့ကြောင်း နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ မောင်ဝင်းရွှေက ပြောသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ညွှန်ကြားချက်နဲ့ ကျွန်တော်တို့လုပ်သွားမှာပါ အားလုံးကို။ ဆရာတော်ကြီးရဲ့အောက်မှာ ကျွန်တော်တို့ပြည်သူ၊ ပြည်သားတွေလှူထားတဲ့ စက်ရုံဖြစ်တဲ့အတွက် ဘယ်သူမှညွှန်ကြားလို့မရဘူး” ဟု ပြောသည်။

အဆိုပါ ရခိုင်ပြည်နယ် ပစကကောင်စီ၏ အစည်းအဝေးမှ ဆုံးဖြတ်ချက်များထဲတွင် “မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင်စက်မှထွက်သည့် အောက်ဆီဂျင်များကို ပြည်နယ်မှချမှတ်ထားသော မူဝါဒဖြစ်သည့် ကိုဗစ်-၁၉ ကုသရေး ပြည်သူ့ဆေးရုံများသို့သာ ဖြန့်ဖြူးရန်ဆိုသည့်အတိုင်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရန်” ဟု ပါရှိသည်။

အဆိုပါ စက်ရုံဖြစ်မြောက်ရေးအတွက် မြောက်ဦးဆရာတော်ကြီးဦးဆောင်၍ ဒေသခံများမှ စုပေါင်းလှူဒါန်းငွေများဖြင့် ဇူလိုင် ၂၂ ရက်နေ့တွင် အောက်ဆီဂျင်စတင်ထုတ်လုပ်နိုင်အေင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

၄င်းစက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် ၄ဝ လီတာဗူးကြီး အလုံး ၄ဝ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်မှ လိုအပ်သည့်ဆေးရုံများသို့ အခမဲ့လှူဒါန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်နေ့က စတင်ထွက်ရှိလာသည့် အောက်စီဂျင်ဘူးများအထဲမှ စစ်တွေကို ၁၆ ဘူး၊ တိမ်ညိုတိုက်နယ်ဆေးရုံကို တစ်ဘူး၊ ကျောက်တော်နှင့် မင်းပြားမြို့ဆေးရုံများသို့လည်း အသီးသီး ပေးပို့လှူဒါန်းခဲ့သည်ဟု သိရသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...