ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့အတွင်း စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့မှုများ ရှိနေသောကြောင့် စစ်ရှောင် ၂၆၀၀ ကျော် နေရပ်မပြန်နိုင်သေးဟု စစ်ရှောင်များအား ကူညီပေးနေသည့် ကရင်နီလူငယ်များက ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့တို့တွင် အဆိုပါဒေသအတွင်း ကရင်နီတပ်မတော် KA၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ နှစ်ဖက်ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က ဆက်တိုက် အင်အားတိုးချဲ့နေသည်ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဟုတ်တယ်ဗျ၊ ဒီရှမ်းပြည်နယ်ဘက်ကနေ စကစက လူအင်အားအပြည့်တိုးလာတယ်။ ကလိလျားဖက်မှာလည်း တိုးတယ်၊ ဖရူဆိုကတော့ ဒီအနောက်ဖက်ခြမ်းမှာ ဆက်ပြီး စစ်ရေးလှုပ်ရှားနေတယ်။ စကစက ထိုးစစ်ဆင်တာက နှစ်ကြောင်းထိုးတာလို့ ပြောလို့ရတယ်ပေါ့နော်။ လွိုင်ကော်ကနေလည်း ဖရူဆိုနဲ့ ဒီ ဘောလခဲဘက်ကို တစ်ကြောင်းလွှတ်တယ်။ ဒီ ၂၀ ရက်နေ့ကစပြီး ကျနော်ဒီလွိုင်လင်လေးဘက်ကိုလည်း တစ်ကြောင်းတက်တာရှိတယ်။ သူတို့က ကျော်လာရင်တော့ အချိန်မရွေး တိုက်ပွဲကပြန်ဖြစ်မှာပဲ” ဟု ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ကျေးရွာများထဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နန်းဖဲကျေးရွာအနီးတစ်ဝိုက်မှာ ကျေးရွာပေါင်း ၇ ရွာက ဒေသခံပြည်သူ ၂၆၀၀ ကျော် ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။
၎င်းစစ်ရှောင်များအား အကူအညီပေးနေသူ အမျိုးသမီးတစ်ဦးက “လိုအပ်တာက အကုန်လုံးပဲ။ အဓိက အခု မိုးတွေရွာတော့ မိုးကာပေါ့၊ နောက်ပြီး ရိက္ခာလိုတယ်။ ဆေးတွေလည်းလိုတယ်။ ကလေးတွေလည်းပါတယ်၊ အမျိုးသမီးတွေဆို ကိုယ်ဝန်ဆောင်တွေလည်းပါတော့ လိုအပ်တာတွေ အများကြီးပဲ။ အသက်ကြီးတဲ့ အဖိုး အဖွားတွေဆိုလည်း မိုးရွာရင် ဒီမှာက မလွယ်ဘူး။ တောထဲမှာဆိုတော့ ဒီကနေ နောက်တစ်နေရာ ပြန်ပြေးဖို့ကလည်း အဆင်မပြေဘူး။ ရွာက ၇ ရွာပေါ့၊ ကျမတို့ကောက်ထားတဲ့ စာရင်းအရဆိုရင် ၂၆၀၀ ကျော်၊ ၂၆၂၀ လားမသိဘူး ဟုတ်တယ်” ဟု ပြောသည်။
ပလဲလယ် ၃၃၂ ဦး၊ ပလိုဒေးခို ၁၄၇ ဦး၊ ကလိလျား ၅၁၉ ဦး၊ ကလောဒူ ၁၅၉ ဦး၊ ဒေါစဲခူ ၃၀၈ ဦး၊ နန်းခီးမို ၂၃၁ ဦးနှင့် နန်းဖဲကျေးရွာက အယောက် ၁၀၀၀ စုစုပေါင်း ဒေသခံရွာသား ၂၆၂၉ ဦးအတွက် စောင်၊ မိုးကာ၊ ခြင်ထောင်တွေ၊ ဆေးနှင့် စားနပ်ရိက္ခာတွေ လိုအပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။
ထို့အပြင် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများနှင့် လသားအရွယ် ကလေးငယ်များ၏ အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေသည်ဟု သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဖရူဆို-ဘောလခဲ တကြောနှင့် ၎င်းနေရာတဝိုက်တွင် စစ်အင်အားတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသည့်အပြင် ကျေးရွာသားများအပေါ် စစ်ရေးပစ်မှတ်ထားပြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု Karenni Information Center ကလည်း ရေးသားဖော်ပြထားသည်။
ဇူလိုင်လ တတိယအပတ်အပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လွိုင်လင်လေးဘက်ကလည်း ဒေသခံ ၇၀၀၀ ကျော်ခန့် စစ်ဘေးလွတ်ရာ တောတောင်များထဲ စစ်ဘေးတိမ်းရှောင်နေကြရပြီး၊ ဖရူဆို-ဘောလခဲမြို့နယ်ထဲက စစ်ရှောင် ၂၆၀၀ ကျော်လည်း တောတောင်များထဲ တမ်းရှောင်နေကြရသည့်အတွက် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။
ဓါတ်ပုံ - KnIC







