ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ထွက်ပြေးနေရသည်ဟု ပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စုထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သီပေါမြို့က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “တိုက်ပွဲဖြစ်တာ နှစ်ဖက်ပစ်ခတ်တာတော့မဟုတ်ဘူး။ ဒီလိုဖြစ်တာရှင့် တစ်ဖွဲ့က တစ်ဖွဲ့ကို လိုက်ပစ်တာမျိုးဖြစ်တယ်ရှင့်။ ရွာကလူတွေက အဲ့လိုပြောတယ်။ သူတို့က ရွာရဲ့ အနောက်ဖက်ကိုပစ်တယ်တဲ့။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ တစ်ဖွဲ့ကလည်း တစ်ဖွဲ့ကိုလိုက် အဲ့လိုမျိုးပဲပစ်ကြတာမျိုး။ အပြန်အလှန် ပစ်တာမျိုးတော့မဟုတ်ဘူး” ဟု ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် နောင်အန်ကျေးရွာအုပ်စု၊ ဆင်ပိုင်းကျေးရွာက ဒေသခံရွာသားများ နောင်အန်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
“ရွာထဲမှာ အခုက ဘယ်သူမှမနေရဲဘူး။ လန့်ပြီးမှ အကုန်ပြေးကြတယ်။ ဘုန်းကြီးကျောင်းမှာ လာနေထားတယ်။ နောင်အန်ရွာရဲ့ ဘုန်းကြီးကျောင်း အဲ့မှာသွားနေကြတာ။ ပြန်လို့ရရင်တော့ ပြန်မလို့လုပ်ထားတယ်။ မနက် ၆ နာရီလောက်ကနေ ၈ နာရီလောက်အထိဖြစ်တယ်။ ရွာနောင်အန်ကျေးရွာအုပ်စု၊ ဆင်ပိုင်းရွာပေါ့။ သူတို့အချင်းချင်း ပစ်ကြတာ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အစပ်ရှိ နမ့်တွေနှင့်မာမို့ကျေးရွာဘက်တွင်လည်း RCSS နှင့် SSPP၊ TNLA တပ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
“ကျနော်တို့ဖုန်းဆက်တော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာဟုတ်တယ်လို့ပြောတယ်။ ဒီအဲ့နားက နမ့်တွေ၊ မာမို့ရွာတွေနား လက်နက်ကြီးတွေကျတယ်တဲ့ဗျ။ ၁၀ လုံးတော့ကျော်မယ်လို့ ပြောတယ်နော်။ ရွာထဲကျတာမျိုးတော့ မဟုတ်ဘူး၊ အခုရွာသားတွေကတော့ သူတို့လုပ်ထားတဲ့ ကတုတ်ကျင်းတွေထဲ ဝင်ပြီးနေနေရတယ်တဲ့။ တခြားတော့ မလိုသေးဘူးပြောတယ်။ အခြေအနေ စောင့်ကြည့်မယ်လို့လည်းပြောတယ်” ဟု ကျောက်မဲမြို့က စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများသည် ၎င်းတို့ဒေသတွင် နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ ပစ်ခတ်မှုများ အကြိမ်ရေ ၁၀ ကျော်ခဲ့သည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အဆိုပါ နေရာအနီးတဝိုက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား စစ်ရေးတင်းမာနေသည်မှာ ပြီးခဲ့သည့် ဇွန်လကတည်းကဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုတိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။







