လားရှိုးလူငယ် (၄) ဦး PDF ဟုပြောဆိုကာ စစ်ကောင်စီဖမ်းသွား

လားရှိုးလူငယ် (၄) ဦး PDF ဟုပြောဆိုကာ စစ်ကောင်စီဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အသက် ၂၀ ဝန်းကျင်ရှိ လူငယ် (၄) ဦးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် စစ်ကားနှင့်ရဲကား ၆ စီး၊ အင်အား ၃၀ ကျော်ခန့်က အိမ်သို့ရောက်လာပြီး အသက် ၂၀ ဝန်းကျင်ရှိ မောင်ရဲ မြင့်ကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်ရဲမြင့်၏ ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကားတွေနဲ့ ရဲကားတွေက အိမ်ရှေ့မှာ တန်းစီရပ်ပြီး အင်အား ၂၀ နီးနီးက ကားပေါ်က ပြေးဆင်းလာတာ၊ ကျန်တာတွေက ကားပေါ်မှာပဲ စောင့်ကြတယ်၊ ပြေးလာပြီးတော့ သူတို့ဖမ်းမိတဲ့လူတွေက ညွှန်လာလို့ မေးစရာရှိလို့ပါဆိုပြီး သားလေးကို (မောင်ရဲမြင့်) ခေါ်သွားတယ်၊ ဘယ်နေရောကို ခေါ်သွားလဲဆိုတာ မသိရဘူး” ဟု မောင်ရဲမြင့်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်ရဲမြင့် ဖမ်းဆီးခံရပြီးနောက်တွင် လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်၊ နယ်မြေ ၇ ပါရီလမ်းသွယ် ၂ တွင် နေထိုင်သူ မောင်ထက်ဝေမင်းကိုလည်း စစ်သားနှင့်ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“မောင်ထက်ကို လာဖမ်းတာ အင်အား ၂၀ ကျော်လောက်ရှိတယ်၊ သူတို့ မေးမြန်းစရာရှိတယ်ဆိုပြီးတော့ လာဖမ်းသွားတာ၊ သူ့ကို စစ်ကြောရေးခေါ်သွားတယ်လို့တော့ ပြောသံကြားနေတယ်၊ သူ့အမေနဲ့က အဆက်အသွယ်လုံးဝမရတော့ သူ့သားကို စိတ်ပူလွန်းလို့ အသက်ကိုတောင် စိုးရိမ်နေရတယ်” ဟု မျက်မြင်တွေ့ရသူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ဇူလိုင်လ ၁၇ ရက်နေ့ တစ်နေ့တွင်ပင် ငယ်စဉ်ကတည်းက မိဘများဆုံးသွားပြီး အဒေါ်နှင့်နေထိုင်သည့် လူငယ်ဓါတ်ပုံဝါသနာရှင် မောင်ကျော်ဇင်ဝင်းသည်လည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အိမ်မှာလာဖမ်းတာက အရပ်ဝတ်နဲ့ အိမ်စီးကား ၈ စီး၊ စစ်ကား ၂ စီးနဲ့လာတာ၊ သူ့ကို လာဖမ်းတဲ့အချိန် ကားပေါ်မှာ ဖမ်းဆီးခံရတယ်လို့ထင်ရတဲ့ လူငယ်လည်းပါသေးတယ်၊ သူ့မှာ ဘာအပြစ်မှုရှိလို့လဲဆိုတာ မသိရဘဲနဲ့ ခေါ်သွားခံရတယ်၊ လာဖမ်းတာကလည်း အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်သူထင်မလဲနော့်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင်းတွင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများအနေဖြင့် PDF ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံရမှုသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...