လျော်ကြေးဖြင့် မလုံလောက်ဟု ကချင်အမျိုးသမီးအဖွဲ့ပြော

လျော်ကြေးဖြင့် မလုံလောက်ဟု ကချင်အမျိုးသမီးအဖွဲ့ပြော

အသတ်ခံရသည့် အမျိုးသမီးကို လျော်ကြေးပေးခြင်းထက် ကျူးလွန်သူများကို အရေးယူရန်အရေးကြီးကြောင်း ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) KWAT က ပြောသည်။

 

ဇူလိုင်လ ၁၄ ရက်နေ့က အသတ်ခံခဲ့ရသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာက အသက် ၅၀ ကျော်အရွယ် သေဆုံးသူ အမျိုးသမီး ဒေါ်မခေါ်ရွယ်အတွက် တပ်မ ၈၈ နှင့် ခမရ ၆၁၆ က တာဝန်ရှိသူများက ကျပ်ငွေ ၂၁ သိန်း လာရောက်ပေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ထောက်ပြလိုက်ခြင်းဖြစ်သည်။

KWAT ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ က “စစ်တပ်ကတော့ အရေးယူမှုတွေ အရင်တုန်းက လုပ်ခဲ့တယ်ဆိုပေမယ့် စစ်တပ်ရဲ့ တရားခုံရုံးတွေမှာပဲ အပြင်လူတွေ ကြားနာခွင့်မရှိဘူး၊ လာပြီးတော့ နားထောင်ခွင့်မရှိတဲ့ အခြေအနေတစ်ခုမှာ လုပ်ချင်သလိုလုပ်တဲ့အရာတွေလည်း ကျမတို့ အများကြီးကြုံခဲ့ရပြီလေ။ အဲ့လိုမျိုးဆိုတော့ ဒီလိုမျိုး ကျမတို့ အမျိုးသမီးတွေကို စော်ကားမော်ကားလုပ်ပြီးတော့ မတရားပြုကျင့်ပြီးတော့ ညှင်းပန်း နှိပ်စက်ပြီးတော့ အသတ်ခံရတယ်ဆိုတဲ့ Case ကတော့ ဒီဟာနဲ့ဆိုလို့ရှိရင်တော့ အများကြီးရှိနေပြီ"

ထိုအနေအထားများကြောင့် ပွင့်လင်းမြင်သာပြီး မျှတသည့် တရားစီရင်ရေးစနစ် ဖြစ်လာစေရန် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ရန်လိုသည်ဟု ဆက်ပြောသည်။

"မြန်မာနိုင်ငံမှာ ဒီလိုမျိုးအဖြစ်ဆိုးကြီးတွေ ဘယ်တော့မှမဖြစ်အောင် စစ်တပ်ဆိုတဲ့ အာဏာရှင်ပြုတ်ကျရေးက အရေးကြီးတယ်ဆိုတာ ကျမတို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခင်ကရော၊ ယခုလက်ရှိအချိန်ထိ တိုင်းရင်းသားပြည်နယ်များနှင့် စစ်ရေးပဋိပက္ခဧရိယာအတွင်း နေထိုင်ကြသည့် အမျိုးသမီးများအပေါ် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေသည်ဟု မွန်းနေလီက ဆိုသည်။

“ဒီလိုမျိုးအဖြစ်အပျက်တွေက တဖက်ကနေ ပြောမယ်ဆိုရင် စစ်အာဏာရှင်ကတော့ ဒီ စစ်လက်နက်သဖွယ်အသုံးပြုတဲ့ ပုံစံဖြစ်နေတယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ မုဒိမ်းကျင့်သတ်ဖြတ်တာပေါ့နော်။ အဲ့ဒါကြောင့်မို့ ဒီလိုမျိုး စစ်လက်နက်သဖွယ် သုံးနေတဲ့ကိစ္စတွေကို ရပ်တန်းကရပ်ဖို့ လိုအပ်တယ်။ ပြီးလို့ရှိရင် အရေးကြီးတာကတော့ ဒီလိုမျိုးကျူးလွန်မှု ဖြစ်ပျက်တဲ့ဟာကို ကျူးလွန်ခွင့်ပေးတဲ့ infinity ပေါ့နော် ဒီကိစ္စတွေကိုလည်း ရပ်တန့်ပေးဖို့ အများကြီးလိုအပ်တယ်”

မိုးမောက်မြို့၊ နွမ်လန်းကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက “အခု ဟိုးတနေ့က တပ်မ ၈၈ ကနေပြီးမှ သူတို့အိမ်ထောင်အတွက် ကျနော်တို့ကချင်ဘာသာရေးလိုပြောရင်တော့ ဆုတောင်းတာပေါ့၊ အဲ့အချိန်မှာသုံးဖို့ဆိုပြီးတော့ အိမ်ရှင်တွေကို သိန်းနှစ်ဆယ်လာပေးတယ်လို့တော့ ပြောတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တပ်ကလည်း ထောက်ပံ့ကြေးပေးတာက သက်သက်၊ ဒီအမှုကို ရုပ်သိမ်းဖို့ ကြေအေးဖို့တော့ မဟုတ်ပါဘူး။ အခု အမှုကိုတော့ အခု ရဲစခန်းမှူးပြောတာတော့ ရအောင်ကိုဖော်မယ်လို့ပြောတာ” ဟု ပြောသည်။

လူသတ်မှုကျူးလွန်ပြီး ယခုကဲ့သို့ ငွေကြေးဖြင့် လျော်ကြေးပေးခြင်းသည် မှန်ကန်သည့် တရားစီရင်မှုမဟုတ်ဘူးဟု မွန်းနေလီက ပြောသည်။

“တဖက်မှာလည်း တရားမျှတမှုဆိုတာကတော့ ကျမတို့ပြောနေတဲ့ တရားမျှတမှုပေါ့နော်။ ပိုက်ဆံလျော်ကြေးပေးတဲ့ဟာကို ဆိုလိုတာမဟုတ်ဘူးပေါ့နော်။ တရားမျှတမှုဆိုတာ လူမှုအသိုင်းအဝိုင်းမှာ တစ်ယောက်ကို လုပ်ချင်သလိုလုပ် သတ်ချင်သလိုသတ် တန်ဖိုးမရှိလုပ်ခဲ့ပြီးမှ ငွေကြေးနဲ့လာပြီးတော့ တောင်းပန်တယ်တို့ ဘာတို့ ဒါကတော့ ဟန်ဆောင်မှုတစ်ခုပဲဆိုတာ ပေါ်လွင်တာပေါ့နော်”

အမှုနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့က လိုက်ပါဆောင်ရွက်ပေးနေပြီး ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သား ၃ ဦးအား စစ်ဆေးမေးမြန်းခွင့် သွားတောင်းရာ စစ်တပ်က တွေ့ခွင့်မပေးဘူးဟု အဆိုပါရွာသားက ဆက်ပြောသည်။

“သူတို့ မှုခင်းဖြစ်ပြီး နောက်မနက်မှာပေါ့။ ရဲစခန်းမှူးနဲ့ ဥက္ကဋ္ဌနဲ့ တပ်ထဲသွားပြီး ဖုန်းသွားတောင်းတာရယ်၊ စစ်သား ၃ ယောက်ကို သွားစစ်ဆေးတာ သူတို့မထုတ်ဘူးလို့ပြောတာပဲ၊ သူတို့နာမည်နဲ့ သူတို့ကိုယ်ပိုင်နံပါတ် အဲ့ဒါပဲ ပြောပြတယ်လို့ပြောတယ်”

ဇူလိုင်လ ၁၄ ရက်နေ့က သေဆုံးသူ ဒေါ်မခေါ်ရွယ်သည် ၎င်း၏လယ်သို့ စပါးမျိုးကြဲရန်သွားရာ ထိုနေ့က အိမ်သို့ပြန်မလာပဲ ပျောက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းအား နောက်တစ်ရက်တွင် မိသားစုဝင်များနှင့် ဒေသခံရွာသားများက လိုက်လံရှာဖွေရာတွင် အဝတ်အစားဖရိုဖရဲ၊ အောက်ပိုင်း ဗလာ၊ ပါးစပ်အတွင်း အဝတ်များပိတ်စို့ကာ အသတ်ခံထားရသည့် ရုပ်အလောင်းကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များ၊ ဒေသခံရွာသားများနှင့် အမျိုးသမီးအရေးလှုပ်ရှားသူများက ယခုကဲ့သို့ အသတ်ခံရသည့်အမှုနှင့်ပတ်သက်၍ စစ်ခုံရုံးတွင် စစ်ဆေးခြင်းမျိုးမဟုတ်ပဲ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူပေးရန်ပေး တောင်းဆိုနေကြသည်။

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...