ငြိမ်းချမ်းနေတဲ့ 'ဝ' တို့အတွက် NCA မလိုဘူးလို့ဆို

ငြိမ်းချမ်းနေတဲ့ 'ဝ' တို့အတွက် NCA မလိုဘူးလို့ဆို
by -
မဇ္ဈိမ
'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြင်ပဆက်ဆံရေးဌာနခွဲ အကြီးအကဲ ဦးကျောက်ကော်အန်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြင်ပဆက်ဆံရေးဌာနခွဲ အကြီးအကဲ ဦးကျောက်ကော်အန်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရန် မလိုလားသေးကြောင်း နေပြည်တော်တွင်ရောက်ရှိနေသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြင်ပဆက်ဆံရေးဌာနခွဲ အကြီးအကဲဖြစ်သူ ဦးကျောက်ကော်အန်းက မေ ၂၅ရက်တွင် ပြောဆိုလိုက်သည်။

“လောလောဆယ် ကျွန်တော်တို့ NCA ထိုးဖို့ မလိုလားသေးဘူး။ ဘာကြောင့်လည်းဆိုတော့ လက်ရှိမှာလည်း တိုက်ပွဲ မရှိသေးဘူး။ NCA ဟာ တိုက်ပွဲတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့နဲ့ မဆိုင်သေးဘူး” ဟု ဦးကျောက်ကော်အန်းက ပြောသည်။

နေပြည်တော်ရှိ Horizon Lakeview Hotel တွင် မေ ၂၅ရက်က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံမှုအပြီးတွင် ထိုသို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“NCA နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ ငြိမ်းချမ်းလာတာ နှစ် ၂၀ကျော်ပြီ။ အစိုးရနဲ့ တိုက်ပွဲလည်း မရှိခဲ့ဘူး။ လူမှုရေးပဋိပက္ခ ဘာမှ မရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ NCA ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တယ်” ဟုလည်း ၎င်းက ဆိုသည်။

NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲ အခြားနည်းလမ်းဖြင့် ကြိုးပမ်းခြင်းသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို မလိုလားခြင်းသာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂၄ရက်က စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး အဖွင့်အမှာစကားတွင် ပြောဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အဖွဲ့အားလုံး NCA အရိပ်အောက် ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟု ယမန်နေ့ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မနက်ဖြန် မေလ ၂၆ရက်တွင်မူ နေပြည်တော်သို့ရောက်ရှိနေသည့် မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်မဟာမိတ် အဖွဲ့(၇)ဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် ရှိနေသည်။

ဒေါ်အောင််ဆန်းစုကြည်သည် မနက်ဖြန်တွင် KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဇနီးအား ၎င်း၏ နေအိမ်တွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသွားမည်ဖြစ်ပြီး ယင်းနောက် KIA ၊ SSPP ၊ ‘ဝ’ ၊ မိုင်းလား လေးဖွဲ့နှင့် တစ်ကြိမ်၊ ရက္ခိုင့်တပ်မတော်(AA) ၊ TNLA ၊ MNDAA သုံးဖွဲ့နှင့်တစ်ကြိမ် သီးခြားစီတွေ့ဆုံသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့စီစဉ်ထားတာက မနက်ဖြန်နေ့လည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ သူ့ဇနီးမောင်နှံကို နေ့လည်စာ ထမင်း တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ အဲ့ဒါပြီးရင် KIAရယ်၊ SSPP ရယ်၊ ဝ ရယ်၊ မိုင်းလားရယ် အဲ့ဒီလေးဖွဲ့နဲ့ တွေ့မှာ ဖြစ်ပါတယ်။ အဲ့ဒါပြီးရင် မြောက်ပိုင်း(၃)ဖွဲ့ AA ရယ်၊ TNLA ရယ်၊ MNDAA နဲ့ တွေ့မှာ ဖြစ်ပါတယ်” ဟု ယနေ့ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...