ပူတာအိုတွင် နာရေးကူညီမှုကားတစ်စီး လိုအပ်ကြောင်း မေတ္တာကူညီမှုအသင်းပြော

ပူတာအိုတွင် နာရေးကူညီမှုကားတစ်စီး လိုအပ်ကြောင်း မေတ္တာကူညီမှုအသင်းပြော

ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု များပြားသည့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူနာတင် နာရေးကားတစ်စီး အမြန်လိုအပ်နေကြောင်း ပူတာအို မေတ္တာနာရေးကူညီမှုအသင်းထံမှ သိရသည်။

ပူတာအိုတွင် နာရေးကူညီမှုအသင်းအဖွဲ့စည်းထားသော်လည်း အရေးကြီးပစ္စည်းများ မရရှိသေးသည့်အတွက် နာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးရန် အခက်အခဲရှိနေကြောင်း မေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ နာရေးလုပ်ငန်းတွေ ဆောင်ရွက်ကူညီပေးဖို့ အသင်းတော့ဖွဲ့စည်းထားတယ်။ ဒါပေမယ့် အများကြီးလိုအပ်နေသေးတော့ လက်တွေ့မှာ ဆောင်ရွက်ပေးလို့မရသေးဘူး။ အခုဆိုရင် နာရေးကားတစ်စီးက အရေးတကြီး လိုအပ်နေတာပေါ့။ ကိုဗစ်ရောဂါနဲ့ဘဲဖြစ်ဖြစ် တစ်ခြားရောဂါနဲ့ဖြစ်ဖြစ် သေဆုံးသွားဖို့ အချိန်မရွေးရှိနိုင်ပါတယ်။ ဒါကြောင့် နာရေးကားတစ်စီးရနိုင်ဖို့အတွက် ရံပုံငွေလိုအပ်တယ်” ဟု ပြောဆိုသည်။

ပူတာအိုမြို့တွင် ကျန်းမာရေးဝန်ထမ်းများ အလွန်နည်းပါနေပြီး ကူညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းမရှိသည့်အတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်း အများအပြားလိုအပ်နေကြောင်း သူကဆက်ဆိုသည်။

“အခက်အခဲတော့ အများကြီးရှိတယ်။ လုပ်ငန်းစလာပြီဆိုရင် PPE ဝတ်စုံ၊ လက်အိတ်နဲ့ နှာခေါင်းစည်းတွေလည်း လိုအပ်လာမယ်။ အောက်စီဂျင်ဆို ပိုဆိုး လုပ်တဲ့သူတွေလည်းမရှိဘူး။ ရလည်းမရနိုင်ဘူး။ ကျနော်တို့ဘက်မှာ အခုဆိုရင် တစ်ချို့ကားဂိတ်တွေဆို မထွက်ကြတော့ဘူး။ ကိုဗစ်ကြောက်လို့။ ဘာဖြစ်လာလဲဆိုတော့ ကုန်စျေးနှုန်းတွေ အရမ်းတက်လာတယ်” ဟု မေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပူတာအိုမြို့တွင် ၂ ပတ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၃၀ ကျော်အထိရှိလာကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...