အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန်

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန်

မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် ပြီးခဲ့သည့်အပတ် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အသက် ၅၀ ကျော်အရွယ် အမျိုးသမီး၏ မိသားစုဝင်များကို စစ်ကောင်စီ တပ်မ ၈၈ နှင့် ခမရ ၆၁၆ တပ်ရင်းအဖွဲ့က ငွေကျပ် ၂၁ သိန်းဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်နေ့ နွမ်းလန့်အခြေစိုက် ခမရ ၆၁၆ မှ ငွေကျပ် ၁ သိန်းနှင့် တပ်မ ၈၈ မှ ငွေကျပ် သိန်း ၂၀ ကို မိသားစုဝင်များအား ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သော စစ်သား ၃ ဦးကိုလည်း တရားစီရင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောသည်။

“မနေ့က တပ်မ ၈၈ က သိန်း ၂၀ ပေးပြီး လာတောင်းပန်တယ်။ စစ်သား ၃ ယောက်ကိုတော့ သူတို့နည်းအတိုင်း တရားစီရင်မယ်တဲ့။ လူသတ်မှုလို့ပဲပြောတယ်။ မုဒိမ်းမှုလို့မပြောဘူး။ အဲဒါကိုတော့ သူတို့ ဖြတ်လိုက်တယ်” ဟု ပြောသည်။

ဒေသခံအမျိုးသမီးသေဆုံးမှုကို လူသတ်မှုအဖြစ်သာ ပုံဖော်ခဲ့ပြီး အဓမ္မပြုကျင့်မှုမရှိခဲ့ကြောင်း စစ်ကောင်စီဘက်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၁၇ ရက်နေ့ထုတ် စစ်ကောင်စီအောက် မြန်မာ့အလင်းသတင်းစာတွင် ‘နွမ်းလန့်ရှိ အဆိုပါအမျိုးသမီးနှင့် စစ်သား ၃ ဦး စကားများ ရန်ဖြစ်ရာမှ ဓါးထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း’ ဖော်ပြခဲ့သည်။

သတ်ဖြတ်ခံရသော အမျိုးသမီးသည် ဇူလိုင် ၁၄ ရက်နေ့ နွမ်းလန့်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော လယ်တောသို့သွားရာလမ်းတွင် ပျောက်ဆုံးခဲ့ပြီး နောက်တစ်ရက် လယ်တောတစ်နေရာတွင် သူ၏ပါးစပ်ကို အကျီဖြင့်ပိတ်စည်းထားကာ ခန္ဓာဗလာဖြင့် သေဆုံးနေသည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အပြင် ရုပ်အလောင်းကို ဗန်းမော်မြို့ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးမှု ၂ ရက်ကြာသွားသဖြင့် အဓမ္မပြုကျင့်မှု မြောက်/မမြောက်ကို စစ်ဆေးခြင်းမပြုပေးကြောင်း ဒေသခံများက ဆိုသည်။

သို့သော် အသတ်ခံရသောနေရာတွင် ခန္ဓာဗလာဖြင့် အဓမ္မပြုကျင့်သည့်အရာများ ထင်ကျန်နေသောကြောင့် ဓါးထိုးမှုတစ်ခုတင်မဟုတ်ဘဲ အဓမ္မပြုကျင့်မှုပါ စစ်တပ်က ကျူးလွန်ခဲ့သည်ဟု ဒေသခံများက အခိုင်အမာပြောဆိုနေကြသည်။

ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက် KSWN ကလည်း နွမ်းလန့်ကျေးရွာမှ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုကို အရေးယူပေးရန် နိုင်ငံတကာခုံရုံးအထိ တင်ပြတောင်းဆိုသွားမည်ဟု ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

“အခု စစ်ကောင်စီကို ကျမတို့အစိုးရလို့ မခံယူတဲ့အတွက် သူတို့စီရင်တာကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့် အရေးကြီးတာက ကျမတို့ပြည်သူတွေကို နှိပ်စက်နေတဲ့ စစ်တပ်ကို အမြန်ဖြုတ်ချပေးဖို့လိုတယ်။ အခု NUG အစိုးရက တရားရုံးလည်းမရှိတဲ့အတွက် ကျမတို့က ဒါကို UN လူ့အခွင့်အရေးအဖွဲ့ကို တင်ပြမယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုမယ်” ဟု KSWN မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ခေတ်အဆက်ဆက် ကချင်ဒေသရှိ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး ထိရောက်စွာ အရေးယူခြင်းမရှိခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

နွမ်းလန့်ကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဒေါ်မခေါ်ရွယ် သတ်ဖြတ်ခံရမှု ရက်တပတ်ပြည့်သော ဇူလိုင်လ ၂၀ ရက်နေ့တွင် ၎င်းတို့နေအိမ်၌ ဆုတောင်းမှုပြုလုပ်နေကြောင်း သိရသည်။

နွမ်းလန့်ကျေးရွာသည် ပြီးခဲ့သည့် ၃ လခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော နေရာများဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...