ကွတ်ခိုင်မြို့ လွယ်မုန်ဆာ စစ်ရှောင်ထောက်ပံ့မှုများကို စစ်ကောင်စီဖြတ်တောက်

ကွတ်ခိုင်မြို့ လွယ်မုန်ဆာ စစ်ရှောင်ထောက်ပံ့မှုများကို စစ်ကောင်စီဖြတ်တောက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။

လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့်အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများသည် အလုပ်အကိုင်ပါ ပြတ်လပ်နေသဖြင့် စားဝတ်နေရေး အခက်တွေ့နေကြောင်း စစ်ရှောင်စခန်းမှ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီအာဏာသိမ်းကတည်းက ကျနော်တို့ ထောက်ပံ့မှုမရတော့ဘူးလို့တော့ ပြောပါတယ်၊ အရင်တုန်းကဆို ထောက်ပံ့ကြေးမရလည်း ကျနော်တို့ သူများအလုပ်သမား သွားလုပ်တယ်၊ နေ့စားငှားလုပ်တယ်ဆိုတော့ အဆင်ပြေပါတယ်၊ အခု ကိုဗစ်ဖြစ်လာတော့ ကျနော်တို့ ဘယ်မှသွားလို့မရတော့ဘူး၊ ဘယ်သူမှလည်း မခေါ်တော့ဘူးလေ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်နှင့် အခြားမြို့နယ်ဒေသများမှ လွယ်မှုန်ဆာ စစ်ရှောင်စခန်းကို ပုံမှန်ထောက်ပံ့ပေးနေသည့် အလှူရှင်များလည်း အရင်လိုမရှိသည့်အတွက် ရှေ့ရေးအတွက် နေထိုင်စားသောက်ရေးအတွက် အလွန်ခက်ခဲနေကြောင်းလည်း ၎င်းပြောသည်။

“အရင်က ကျနော်တို့ လွယ်မုန်ဆာ စစ်ဘေးရှောင်စခန်းကို ကွတ်ခိုင်မြို့က စေတနာရှင်နဲ့ အခြားဒေသက အလှူရှင်တွေလာပြီး ထောက်ပံ့လှူဒါန်းပေးတာရှိခဲ့ပါတယ်၊ အခုတော့ အလှူရှင်တွေလည်း မလာတော့ ကျနော်တို့မှာ ဆန်ကိုပွအောင်ချက်ပြီး ချွေတာစားသောက်နေရတယ်၊ ရှေ့ဆက် ဒီအတိုင်းသာဖြစ်မယ်ဆို အားလုံးက ငတ်ကြတော့မယ်” ဟု ပြောသည်။

ကွတ်ခိုင်မြို့အနီးက လွယ်မုန်ဆာ စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များဖြစ်ကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...