တောင်ကုတ်တွင် ဇူလိုင် ၁၉ ရက်နေ့က ကိုဗစ်လူနာအမျိုးသမီး ၂ ဦး သေဆုံးခြင်းမှာ အောက်စီဂျင်ပြတ်၍ဟုဆို

တောင်ကုတ်တွင် ဇူလိုင် ၁၉ ရက်နေ့က ကိုဗစ်လူနာအမျိုးသမီး ၂ ဦး သေဆုံးခြင်းမှာ အောက်စီဂျင်ပြတ်၍ဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီကျော်က သေဆုံးသည့် ကိုဗစ်လူနာအမျိုးသမီး ၂ ဦးလုံးမှာ အောက်ဆီဂျင်မလုံလောက်သဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း တာဝန်ကျဆရာဝန် ဒေါက်တာဇင်အောင်လင်းက အတည်ပြုပြောဆိုသည်။

သေဆုံးသူနှစ်ဦးမှာ ကိုင်းရှည်ကျေးရွာမှ ရောဂါအခံမရှိသူ အသက် (၆၃) နှစ် အမျိုးသမီးနှင့် သာယာအေးကျေးရွာမှ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူ အသက် (၈ဝ) နှစ် အမျိုးသမီးတို့ဖြစ်ကြကြောင်း ၎င်းကပြောသည်။

“သူတို့နှစ်ယောက်စလုံး အောက်ဆီဂျင်ပြတ်သွားပါတယ်။ အောက်ဆီဂျင်က ဇူလိုင် ၁၈ ရက် ညနေဖက် အောက်ဆီဂျင် ၆ လုံးပဲရတယ်။ အဲဒီ ၆ လုံးနဲ့ ဘယ်လိုမှမခံနိုင်ဘူး” ဟု ပြောသည်။

လက်ရှိ တောင်ကုတ်ဆေးရုံတွင် အောက်ဆီဂျင်ပေးထားရသူ လူနာ ၃၃ ဦးရှိကြောင်း သူကဆက်ပြောသည်။

“အောက်ဆီဂျင် လောလောဆယ်မှာ လုံလောက်မှုရှိတယ်လို့ပြောနေတာက မှားနေပါတယ်။ အောက်ဆီဂျင်က မလုံလောက်နိုင်ပါ။ တောင်ကုတ်ဆေးရုံအတွက် အောက်ဆီဂျင်က တစ်ရက်မှာ အလုံး ၉ဝ နဲ့အထက်မှာ လိုတယ်။ ကျွန်တော်တို့ တစ်ရက်မှာ အောက်ဆီဂျင် အလုံး ၆ဝ အောက်မှာပဲ ရနေပါတယ်” ဟု ဒေါက်တာဇင်အောင်လင်းက ဆက်ပြောသည်။

တောင်ကုတ်ဆေးရုံကြီး ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူ အမည်မဖော်လိုသူတစ်ဦးက “အောက်ဆီဂျင် ပြတ်တယ်ဆိုတာက ညတုန်းကတော့ တကယ်ပြတ်သွားတယ်။ ဆုံးတာကတော့ တကယ်အောက်ဆီဂျင်ပြတ်လို့ ဆုံးတာပါ။ ကျောက်ဖြူနဲ့ သံတွဲကလည်း အောက်ဆီဂျင်အကူညီမရခဲ့ဘူး။ တောင်ကုတ်ရှင်သန်ရေးအဖွဲ့က ၁၂ လုံးပို့ထားတယ်။ အဲဒီ ၁၂ လုံးနဲ့ ကိုဗစ်ဌာနကိုရောက်တာက ညနေဖက် ၆ လုံးပဲကျန်တာ။ အောက်ဆီဂျင်ပြတ်လို့ သေတာတော့ဟုတ်ပါတယ်” ဟု ပြောသည်။

၎င်းနောက် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ပံ့ပိုးကူညီမှုနှင့်အတူ  မြိုမိ/မြို့ဖ ဦးကျောက်တောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် တပ်မတော်ယာဉ်များဖြင့် အောက်စီဂျင်အိုး (၆၀) လုံး ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များက လွှဲပြောင်းရယူပြီး မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာဇင်အောင်လင်းတို့ကို ပေးအပ်ခဲ့ကြောင်း တောင်ကုတ်မြို့နယ် Covid-19 သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...