မိုင်းကိုင်မြို့ တိုက်ပွဲငြိမ်သဖြင့် စစ်ရှောင် (၂၀၀) ကျော် နေရပ်ပြန်

မိုင်းကိုင်မြို့ တိုက်ပွဲငြိမ်သဖြင့် စစ်ရှောင် (၂၀၀) ကျော် နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် တိုက်ပွဲငြိမ်သွားသဖြင့် စစ်ရှောင်ထဲတွင် နေရာထိုင်ခင်း ခက်ခဲမှုများစွာရှိသဖြင့် စစ်ရှောင် (၂၀၀) ကျော် နေရပ်ပြန်သွားကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ် မိုင်ခွန်ကျေးရွာအုပ်စုတွင် သျှမ်းတပ် ၂ တပ်တိုက်ပွဲကြောင့် ပြည်သူများ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ရှောင်များသည် ထော်လဂျီပေါ် သို့မဟုတ် ယာယီတဲဆောက်ပြီး မိုးကာဖြင့် ကာရံကာ နေထိုင်ရန်အတွက် အခက်ခဲများစွာရှိသောကြောင့် တစ်ချို့က နေရပ်ကိုပြန်သွားခဲ့ကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

“ဒီမှာနေရတာတော့ နေအိမ်နဲ့မတူဘူးလေ။ ယာယီတဲ သာမှမဟုတ် ထော်လဂျီပေါ် မိုးကာနဲ့ကာရံပြီး နေကြတယ်လေ။ လွိုင်ဟွန်တောင်နဲ့ဝေးတဲ့သူတွေက ပြန်သွားတာ။ ကျန်တဲ့သူတွေကတော့ ၈၀၀ ကျော်လည်းကျန်တယ်” ဟု မိုင်းကိုင် စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲ ၃ ရက်ငြိမ်သွားသော်လည်း စစ်ရှောင် (၈၀၀) ကျော်သည် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နေရပ်မပြန်ကြပဲ၊ တချို့စစ်ရှောင်များသည် မိုင်းကိုင်ဘက် နေထိုင်ခက်ခဲသဖြင့် လဲချားမြို့နယ်ဖက်သို့ စစ်ဘေးရှောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မဖြစ်တာ ၃ ရက်လောက်တော့ရှိပြီ။ တချို့တော့လဲ စိတ်မလုံခြုံလို့ မပြန်ရဲကြသေးဘူး။ တစ်ချို့တော့လည်း လဲချားမြို့နယ်ထဲ သွားတာရှိတယ်။ မိုင်းကိုယ်မြို့နယ်ထဲမှာတော့ စစ်ရှောင်တွေ ၈၀၀ ကျော်ကျန်နေသေးတယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦး က ဆိုသည်။

မိုင်းကိုင်မြို့နယ်အတွင်း စစ်ဘေးရှောင် ၈၀၀ ကျော်ကျန်ရှိနေပြီး ၎င်းတို့သည် နောင်လီကျောင်း ၂၆၆ ဦး၊ စာသင်ကျောင်း ၁၀၃ ဦး၊ နောင်လိုင်းကျောင်း ၂၀၀ ဦး၊ နန်းကူးပင်တွင် ၁၀၂ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို တွေ့ရှိလာသောကြောင့် စစ်ဘေးရှောင်များအတွက် စိတ်ပူနေရကြောင်း စစ်ဘေးရှောင်ကူညီးပေးနေသည့်သူက ဆိုသည်။

ထိုအပြင် စစ်ဘေးရှောင်များအတွက် ကိုဗစ်–၁၉ ကပ်ရောဂါကို ကာကွယ်ရန်အတွက် ပညာပေးဆရာဝန်များမရှိကြောင်း၊ ဆေးပစ္စည်းများ အပြည့်စုံမရှိထားကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ စစ်ဘေးရှောင်အတွက် ပိုပြီးစိတ်ပူပေးနေရတယ်။ ကိုဗစ်ပညာပေးမဲ့ ဆရာဝန်တွေကလည်း မရှိဘူး။ အခုက mask (နှာခေါင်းစည်း) လက်ဆေးဆပ်ပြာတော့ရှိတယ်။။ ဖြစ်နိုင်ရင် ကျနော်တို့ သူတို့ကို ပညာပြပေးနိုင်တဲ့သူကို လိုချင်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်သူများက တိုက်ပွဲကို အမြန်ဆုံးရပ်စေချင်ပြီး နေရပ်ကို ပြန်ချင်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲရပ်တန့်ရေးအတွက် သံဃာတော်များ၊ ပြည်သူများက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သျှမ်းတပ် (၂) တပ်မှ နားထောင်ခဲ့ခြင်းမရှိခဲ့ပေ။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...