ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာ လေးရွာက လူ ၂၀၀ ကျော် စစ်ရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ညနေအထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားနေသေးသည့်အတွက် စစ်ရှောင်များ နေရပ်ကို မပြန်နိုင်သေးဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။
“မနေ့ညက အထိပစ်ခတ်ကြသေးတယ်။ ဒီနေ့တော့ ငြိမ်နေတယ်။ စစ်ရှောင်တွေက အဲ့ဒီလမ်းတကြောက ဟိုး... ဒီတံတားညီနောင်၊ ဂေါ့လူယန်၊ ခွမ်ဆိုင်ဇွပ်ကလူတွေဟုတ်တယ်။ အခု သူတို့ ဆိုင်းဖရာ နှစ်ခြင်းကျောင်းဝန်းထဲမှာပဲ နေနေကြတုန်းပဲ။ အခုသူတို့ အရေးတကြီးလိုအပ်နေတာကတော့ အစားအစာနဲ့ဆေးဝါး လိုနေတယ်။ အခုက ကိုဗစ်ဖြစ်နေတော့ အားလုံးခက်ခဲနေကြတယ်”
ဖားကန့်မြို့နယ်ထဲက ဆိုင်းဖရာနှစ်ခြင်းဘုရားကျောင်းဝန်းထဲကို ရောက်နေသည့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဓိက လိုအပ်နေပြီး အကူအညီပေးသူလည်း နည်းနေသည်ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာများထဲ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး လက်နက်ကြီးကျည်စများထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အမြှောက် ဒီလက်နက်ကြီးပေါ့ အဲ့ဒါပေါက်ကွဲပြီး ထိသွားတာပေါ့နော်။ ဗုံးဆံစနော် ထိတာ။ လူ ၆ ယောက် ဟုတ်တယ် ထိတာ။ အသက် ၃၀ ကနေ ၄၀ ကြား လူတွေပေါ့၊ အဲ့ထဲမှ အသက် ၉ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါတယ်။ လက်နက်ကြီးလည်း ရွာထဲကို ပစ်တယ်လေနော်။ အဲ့ဒါကြောင့် ထိကုန်တာပါ”
COVID-19 ရောဂါကူးစက်မှု မြင့်တက်နေသည့်ကာလဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ရန် ခက်ခဲနေခြင်းကြောင့် ကျေးလက်ဆရာမများကပဲ ဆေးကုပေးနေရသည်ဟု အကူအညီပေးသူတစ်ဦးက ဆက်ပြောသည်။
“အခုက မြို့သွားပြီး ဆေးကုဖို့ကလည်း ကိုဗစ်ကြောင့်ဘာကြောင့်နဲ့ ဆေးရုံကလည်း အဆင်မပြေတော့ ကျနော်တို့ရွာက ဆရာမ ဆေးထိုးတဲ့ဆရာမ ကျေးလက်ဆရာမပေါ့ အစိုးရဆရာမလည်းမဟုတ်ဘူးပေါ့ ရွာမှာသုံးတဲ့ ဆရာမတွေနဲ့ ဆေးကုနေတယ်။ နှစ်ယောက်ကတော့ ကျည်စအထဲဝင်သွားတယ်။ အခုတော့ ထုတ်ပြီး၊ တိုင်းရင်းဆေး တောင်ပေါ်ဆေးပေါ့ အဲ့ဒါသောက်ပြီး ဆေးကုနေရတယ်”
ဖားကန့်မြို့နယ်ထဲက ခွမ်ဆိုင်ဇွပ်၊ ဂေါ့လူယန်၊ ဂတ်နွယ်နှင့် တံတားညီနောင်ကျေးရွာများအနီး ယခုရက်ပိုင်း ၃ ရက်ဆိုက်တိုက် စစ်ကောင်စီများနှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာထဲသို့ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောသည်။
“ဟုတ်ကဲ့ပါ ကျနော်တို့ ထိထားတာကတော့ စစ်ကောင်စီဘက်ကနေ စစ်ရေးလှုပ်ရှားလာလို့ KIA ဘက်ကနေ ခုခံတိုက်ပွဲဖြစ်တယ်ဆိုတာမျိုး အဲ့လောက်ပဲ ကြားသိထားပါတယ်။ ကျနော်တို့တပ်ရင်းကတော့ တပ်ရင်း ၄၄ ဖြစ်ပါတယ်။ အဲ့ဒီဘက်က တာဝန်ရှိတဲ့တပ်ရင်းကတော့”
နှစ်ဖက်ကြား ဇူလိုင်လ ၁၅ ရက်နေမှ ၁၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိလည်း စစ်ကောင်စီတပ်များက အဆိုပါကျေးရွာများအနီးနှင့် ဖားကန့်လမ်းကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားနေသေးသည်ဟု ဒေသခံများက ပြောသည်။







