လွိုင်လင်လေး စစ်ရှောင်များ ဆေး၊ စောင်၊ ခြင်ထောင်နှင့် တဲများလိုအပ်နေ

လွိုင်လင်လေး စစ်ရှောင်များ ဆေး၊ စောင်၊ ခြင်ထောင်နှင့် တဲများလိုအပ်နေ

ကယားပြည်နယ် လွိုင်လင်လေးမြို့နယ်ထဲတွင် စစ်ရှောင် တစ်သောင်းကျော်ရှိလာပြီး ဆေးဝါးများ၊ စောင်၊ ခြင်ထောင်နှင့် နေထိုင်စရာတဲများဆောက်ရန် မိုးကာများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

၎င်းတို့မှာ လွိုင်လင်လေးမြို့အရှေ့ဘက် တီးလုံနှင့် ထီးစဲခါးကျေးရွာအုပ်စုထဲရှိ ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူများဖြစ်ပြီး ယခုလ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် ကရင်နီတပ်မတော် KA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်သည်။

စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက “အကြမ်းဖျင်းကတော့ စစ်ရှောင်က တစ်သောင်းကျော်။ မိုးကာတွေ၊ ဆေးဝါးတွေ၊ ပြီးတော့ စောင်တွေ၊ ခြင်ထောင်တွေ၊ အဲ့ဒါတွေက လောလောဆယ် အခြေအနေအရ လိုအပ်နေသေးတယ်ပေါ့နော်။ ကျန်တဲ့ဟာက မလိုအပ်တာတော့မဟုတ်ဘူး။ လိုအပ်တယ်။ ဒါပေမယ့် လောလောဆယ် ဒီလတ်တလော အရေးတကြီး လိုအပ်တာတွေဖြစ်တော့ အဲ့ဒါတွေပဲ လုပ်ပေးဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများအပြင် COVID-19 ရောဂါကူးစက်မှု မြင့်တက်နေသည့် အခြေအနေကြောင့် လိုအပ်နေသည့် ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကို မပို့ပေးနိုင်သည့်အတွက် အကူအညီများ ရောက်သင့်သလောက် မရောက်နိုင်သည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလတ်တလော ကိုဗစ်ကြောင့်ပေါ့နော် ရောဂါကလည်း အခြေအနေနည်းနည်းဆိုးတယ်လေ ဒီလွိုင်ကော်မှာကလည်း Positive လူနာကလည်း များလာတယ်လေ။ ကျမတို့ ဒီတော်တော်များများနေရာတွေ Lock down ချထားတာများတယ်လေ။ အဲ့တော့ ကျမတို့ သွားရလာရတာ ခက်ခဲနေတာတစ်ခုရယ်။ ပြီးတော့မှ စစ်ရေးအခြေအနေကလည်း တည်တည်ငြိမ်ငြိမ်မရှိသေးတော့လေ။ တချို့မိန်းလမ်းတွေ သွားလာရတာလည်း အဆင်မပြေသေးဘူးလေ။ ဒုက္ခသည်တွေကို ကူညီတဲ့လူတွေဆိုရင် စစ်တယ်၊ ပစ္စည်းတွေဘာတွေ သိမ်းတာမျိုးတွေရှိနေတော့ သွားရလာရတာ အခက်အခဲဖြစ်တယ်”

စစ်ရှောင်များသည် စားနပ်ရိက္ခာအတွက် တစ်ပတ်စာခန့်သာ ပြင်ဆင်လာခြင်းဖြစ်သည့်အတွက် စစ်ရှောင်ရသည့်ရက် ပိုကြာလာမည်ဆိုပါက စားနပ်ရိက္ခာအခက်အခဲလည်း ရှိလာနိုင်သည်ဟု စစ်ရှောင်များက ပြောသည်။

လက်ရှိတွင် လွိုင်လင်လေးမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသော်လည်း စစ်ကောင်စီတပ်များက ကျေးရွာများထဲ ဝင်/ထွက်သွားလာ လှုပ်ရှားမှုများရှိနေသည့်အတွက် စစ်ရှောင်များအနေဖြင့် ရွာထဲသို့ ပြန်နေရန်လည်း အဆင်မပြေသေးဘူးဟု စစ်ရှောင်များနှင့် အကူညီပေးနေသူများက ပြောသည်။

“အခြေအနေက စစ်ရှောင်တွေက အိမ်တော့မပြန်သေးဘူး။ ဒီတိုင်း တောထဲမှာပဲရှိနေကြသေးတယ်။ အခြေအနေကတော့ ငြိမ်နေတယ်။ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေသေးတယ်။ ရွာတွေထဲမှာ တပ်စွဲထားတွေ ရှိနေသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လွိုင်လင်လေးမြို့နယ်အတွင်းက စစ်ရှောင်တစ်သောင်းကျော်သည် လက်ရှိတွင် တောတောင်များထဲတွင် နေထိုင်နေကြရပြီး ၎င်းတို့အနေဖြင့် ကျေးရွာထဲတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက်လည်း စိတ်ပူနေသည်ဟု ဆိုသည်။

ထို့အပြင် ကယားပြည်နယ် ဘောလခဲမြို့နယ်ထဲတွင်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၆ ရက်နေ့က တိုက်ပွဲ နာရီဝက်ကျော်အကြာ ဖြစ်ပွားခဲ့သေးသည်ဟု KNDF က ပြောသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတက်ဖက်က ထိခိုက်သေဆုံးမှုများရှိသည်ဟု KNDF က ပြောဆိုထားသော်လည်း မြေပြင်အခြေအနေကို NMG အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။

သို့သော် ထိုတိုက်ပွဲကြောင့် နန်းဖဲကျေးရွာ ပြည်သူများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

ဓါတ်ပုံ - KnIC (ပုံဟောင်းအသုံးပြုထားသည်)

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...