ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၆ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF က ပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကျွန်းပင်ကုန်းအဆင်းတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
KNDF က “ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကျွန်းပင်ကုန်းအဆင်းတွင် ယနေ့ မွန်လွှဲပိုင်း ၂း၄၇ နာရီခန့် ကရင်နီတပ်မတော် KA နှင့် KNDF ပူးပေါင်း၍ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားကာ တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KNDF၊ KA ပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNDF က ဆိုသည်။
“အကြမ်းဖက်စစ်ကောင်စီဖက်မှ အင်အား ၅၀ ခန့်သည် ထားလဲကျေးရွာမှ နန်းဖဲကျေးရွာဖက်သို့ ထိုးစစ်ဆင်လာသဖြင့် ကရင်နီတပ်မတော် KA နှင့် KNDF ပူးပေါင်းတပ်များက မှိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု KNDF က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများစွာရှိကြောင်းနှင့် သေဆုံးသူအရေအတွက်ကို အတည်ပြု၍မရသေးကြောင်း KNDF က ဆိုသည်။
စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု KNDF က ထုတ်ပြန်ထားသော်လည်း NMG အနေဖြင့် အဆိုပါအခြေအနေနှင့်ပတ်သက်၍ သီးခြားအတည်ပြု၍ မရသေးပေ။
ထို့အပြင် တိုက်ပွဲများကြောင့် နန်းဖဲကျေးရွာမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာဒေသများသို့ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင်လည်း လွိုင်လင်လေးမြို့နယ်အတွင်း ကရင်နီတပ်မတော်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အနီးအနားရှိ ကျေးရွာပေါင်း ၂၀ နီးပါးက ပြည်သူ ၈၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။
စစ်တပ်မှ စစ်အာဏာသိမ်းပြီးနောက် မေလ ၂၀ ရက်နေ့မှစတင်ကာ ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားလာသကဲ့သို့ ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့်ပါ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလာခဲ့သည်။
တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်နေရပြီး စားသောက်နေထိုင်ရေးအပြင် အဖက်ဖက်မှ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
လက်ရှိ ကယား (ကရင်နီ) ပြည်နယ်ထဲတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် ပြည်သူများကို အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်များကို အမြစ်ပြတ်သည့်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်များကို ဆန့်ကျင်တော်လှန်နေသော မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNDF က ဆိုသည်။







