တနင်္သာရီတိုင်းဒေသကြီး အတွင်းနှင့်ပြင်ပသို့ သွားလာပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအားလုံး ဇူလိုင်လ ၁၇ ရက်နေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားရန် တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ အသိပေးကြေငြာလိုက်သည်။
တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ အထက်ပါအတိုင်း ကန့်သတ်ရခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှာ ဦးစီးမှူး ဒေါ်သက်သက်ဦးက ပြောသည်။
“အချိန်ကာလကိုတော့ အကန့်အသတ်မရှိဆိုပြီး သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်မှု လျော့ကျလာရင်တော့ ပြန်ဖွင့်ပေးမှာပေါ့” ဟု ဒေါ်သက်သက်ဦးက ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း COVID-19 ရောဂါဖြစ်ပွားသူအများစုမှာ အခြားတိုင်းဒေသကြီးများ၊ ပြည်နယ်များသို့ သွားလာနေကြသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူအချို့ ပါဝင်နေကြောင်း စိစစ်တွေ့ရှိနေရသည်ဟု သိရှိရသည်။
ကုန်တင်ယာဉ်များနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေ သွားလာရမည့်သူများမှလွဲပြီး ကျန်ခရီးသည်များကိုတော့ တိုင်းဒေသကြီးအတွင်းဖြစ်စေ၊ တိုင်းဒေသကြီးပြင်ပဖြစ်စေ သွားလာခွင့် ကန့်သတ်ရာတွင် အကျုံးဝင်ကြောင်း ဒေါ်သက်သက်ဦးက ပြောသည်။
တိုင်းဒေသကြီးအတွင်းဆိုရာတွင် ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ မောတောင်နှင့် ကော့သောင်း စသည့် နေရာဒေသများသို့ ပြေးဆွဲပို့ဆောင်နေသည့် ခရီးသည်တင် ယာဉ်ငယ်လိုင်းများလည်း ပါဝင်သည်။
မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင်တို့၏ ခွင့်ပြုချက်၊ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်တို့ ပါရမည်ဖြစ်သည်ဟု သိရသည်။
အိမ်စီးကားများမှာမူ ယာဉ်မောင်းအပါအဝင် စုစုပေါင်း လေးဦးသာ လိုက်ပါခွင့်ရှိမည်ဖြစ်ပြီး ကုန်တင်ယာဉ်များတွင်လည်း ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက် (စပါယ်ယာ) တစ်ဦး ပေါင်း ၂ ဦးသာ လိုက်ပါခွင့်ပြုသည်။
“ကုန်ကားတွေ သတ်မှတ်စည်းကမ်းနဲ့ သွားလာခွင့်ရတယ်ဗျ၊ ခရီးသည်တင် မှန်လုံကုန်ကားတွေ မပါဘူးလို့ သိရတယ်၊ အဲ့ဒီလိုရှင်းအောင်လုပ်ဖို့ စီစစ်ဖို့လိုတယ်၊ ဘာလို့လဲဆိုတော့၊ အရင်ကိုဗစ်ကာလတွေတုန်းက ခရီးသည်ယာဉ်တွေပိတ်ပြီး ကုန်ကားသွားခွင့်ရတော့ တချို့မှန်လုံတွေက ကုန်တွေကြားမှာ ခရီးသည်ခိုးတင်တဲ့ပြဿနာတွေ ရှိဖူးတယ်ဗျ” ဟု မြိတ်ကုန်ကားအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ယာဉ်များတွင် လိုက်ပါလာမည့်သူများအားလုံးသည် ကျန်းမာရေးစစ်ဆေးချက် အထောက်အထားနှင့် ခွင့်ပြုချက်များ စစ်ဆေးရေးဂိတ်တွင် ပြနိုင်မှသာ ဝင်/ထွက်ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများလိုက်နာကြရန် အသိပေးနှိုးဆော် တိုက်တွန်းထားသော်လည်း လိုက်နာမှု အားနည်းနေကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။







