မွန်ပြည်နယ် ကိုဗစ်သေဆုံးမှု ဆက်လက်မြင့်မား

မွန်ပြည်နယ် ကိုဗစ်သေဆုံးမှု ဆက်လက်မြင့်မား

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု နေ့စဥ်မြင့်တက်နေပြီး နေ့စဉ် အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးနေသည်ဟု ကူညီပေးနေသည့် ဒေသအတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

လက်ရှိတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ တစ်ရက်လျှင် အနည်းဆုံး ၁၀ ဦးခန့်ရှိနေပြီး အချို့ရက်များတွင် သေဆုံးသူ  ၂၀ ဦးကျော်အထိလည်း ရှိနေသည်။

“အများစုကတော့ အောက်ဆီဂျင်ကျပြီး သေဆုံးတာများတယ်၊ ဆေးရုံမှာ ဆေးကုသနေတဲ့ လူနာတွေအပြင် သံသယလက္ခဏာနဲ့ နေအိမ်မှာပဲ ဆုံးတဲ့လူတွေလည်း များလာတယ်၊ အခုဆိုရင် နေ့တိုင်းပဲ ၁၀ ယောက်နဲ့အထက် သေနေတာ” ဟု ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး ကိုဗစ်လူနာ သေဆုံးမှုရှိလာကာ ဇူလိုင်လ ၁၅  ရက်နေ့အထိ သေဆုံးကိုဗစ်လူနာ ၁၅၀ ကျော်ရှိသွားပြီဖြစ်သည်။

သေဆုံးသူအများစုသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာများဖြစ်ပြီး ကိုဗစ်သံသယလက္ခဏာများဖြင့် နေအိမ်တွင် သေဆုံးသူများလည်းရှိနေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစတင်၍ ကိုဗစ်ကူးစက်လူနာများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး တစ်လကျော်အတွင်း၌ ကိုဗစ်အတည်ပြုလူနာ ၃၅၀၀ ကျော်ရှိသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေပြီး ကူးစက်မှုအများဆုံးမြို့နယ်တို့မှာ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ပြီး သံဖြူဇရပ်တွင်လည်း တစ်မြို့နယ်တည်းတွင် ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိသည့်နေ့များလည်း ရှိသည်ဟု ဒေသခံများနှင့် ဒေသအတွင်းက ပရဟိတအသင်း တာဝန်ရှိသူများက ပြောသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီး Isolative Ward-3 (သီးခြားဆောင်-၃) နှင့် Isolative Ward-1 (သီးခြားဆောင်-၁) တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့်အနေအထားကြောင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ရေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအားလုံးကို ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စာထုတ်ညွှန်ကြားထားသည်။

ထို့အပြင် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း ဇူလိုင် ၁ ရက်နေ့မှစ၍ ကျန်းမာရေးစစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုရန် ကန့်သတ်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...