ကိုဗစ်ပိုးတွေ့ပြီး စစ်ဘေးရှောင်စခန်းတစ်ခုကို Lockdown ချလိုက်ရသော်လည်း ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုနှင့် အသိပညာပေးမှု အားနည်းနေ

ကိုဗစ်ပိုးတွေ့ပြီး စစ်ဘေးရှောင်စခန်းတစ်ခုကို Lockdown ချလိုက်ရသော်လည်း ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုနှင့် အသိပညာပေးမှု အားနည်းနေ

အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ပြီးနောက် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းကို Lockdown ချပြီး အသွားအလာ ကန့်သတ်လိုက်သော်လည်း အဆိုပါစခန်းအပါအဝင် တခြား ရခိုင်က စစ်ဘေးရှောင်စခန်းများ၌ ကိုဗစ်ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုနှင့် အသိပညာပေးမှု အားနည်းနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးပြင်ဆင်မှုများ အားနည်းနေပြီး လိုအပ်ချက်များရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

"စခန်းတချို့မှာ အစိုးရက ကိုဗစ်အသိပညာပေးတချို့လုပ်တာတွေ ရှိပါတယ်။ အသိပညာပေးပြီး လိုအပ်တဲ့ထောက်ပံ့တွေမလုပ်ရင် မထူးပါဘူး။ အခု စစ်ဘေးရှောင်စခန်းတွေမှာ နှာခေါင်းစည်း Mask တို့လို အကာအကွယ်ပစ္စည်းတွေက လုံးဝမရှိသလောက်ပါပဲ။ ဒီလို ငွေကြေးခက်ခဲတဲ့အချိန်မှာ အစိုးရကတောင်မလုပ်နိုင်ရင် အခြားအဖွဲ့အစည်းတွေက ပိုလို့မလုပ်နိုင်ပါဘူး" ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး သေဆုံးမှုများလည်း ရှိလာနေ၍ စစ်ဘေးရှောင်စခန်းများတွင် လူအများစုဖြင့် ရောပြွမ်းနေထိုင်နေရသူများအနေဖြင့် အထူးစိုးရိမ်နေရသည်ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးစခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

"စစ်ဘေးရှောင်အများစုက စိုးရိမ်ကြတယ်။ စားစရာမရှိတဲ့ကြားထဲ ကိုဗစ်ဖြစ်လာရင်တော့ ဘယ်လိုရင်ဆိုင်ကြမလဲ။ တွေးပူနေကြတာတွေရှိတယ်။ ဒါပေမယ့် လက်ရှိမှာ ကိုဗစ်ကို မကြောက်လားဆိုတော့ ကြောက်ပါတယ်။ အစားအသောက် အထောက်အပံ့ ပုံမှန်မရောက်တဲ့အခါ အစားအသောက်ကိုပဲ ပူပန်နေရပါတယ်။ (၄) လပိုင်းလောက်ကတည်းက ကျနော်တို့စခန်းကို Mask တို့၊ Hand Jel လက်ဆေးရည်တို့လို ကာကွယ်ရေးပစ္စည်းတွေ ပေးတာမရှိပါဘူး" ဟု ပြောသည်။

အမ်းမြို့နယ်က ဘူးရွက်မညှိုး စစ်ဘေးရှောင်စခန်းတွင်လည်း ယခုအချိန်ထိ ကိုဗစ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြင်ဆင်မှု၊ ကာကွယ်မှု မရှိသေးကြောင်း စခန်းတာဝန်ခံ ကိုနတ်ဆိုးက ပြောသည်။

"ကိုဗစ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေတော့ အများကြီးမရှိသေးပါဘူး ခုချိန်ထိကတော့။ လောလောဆယ် ထိန်းလို့ရတဲ့အနေအထားထိတော့ နှာခေါင်းစည်း Mask၊ ပိုးသတ်ဆေးစတဲ့ ကာကွယ်ရေးပစ္စည်းတွေရှိပါတယ်။ တကယ်ပြင်းထန်လာရင်တော့ မလောက်ပါဘူး။ အစိုးရထောက်ပံ့တာက မနှစ်ကရှိတယ်။ ဒီနှစ်မရှိဘူး" ဟု ၎င်းပြောသည်။

ရခိုင်ပြည်နယ်က တခြား စစ်ဘေးရှောင်စခန်းများတွင် အစိုးရမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့မှုမရှိသလောက် နည်းပါးနေကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

မြောက်ဦးမြို့နယ်က စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ယမန်နေ့ ဇူလှိုင်လ (၁၄) ရက်နေ့က အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် စစ်ဘေးရှောင်စခန်းများအတွက် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...