ဖမ်းဆီးခံရခိုင်ကျောင်းသားလေးဦးက 'ယနေ့ အမိန့်မချလျင် ထောင်သို့မပြန်' ဟုဆိုကာ တရားရုံးအချုပ်တွင် ဆန္ဒပြ

ဖမ်းဆီးခံရခိုင်ကျောင်းသားလေးဦးက 'ယနေ့ အမိန့်မချလျင် ထောင်သို့မပြန်' ဟုဆိုကာ တရားရုံးအချုပ်တွင် ဆန္ဒပြ

စစ်တွေမြို့နယ်တရားရုံး၌ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်း၊ ကိုဦးသန်းနိုင်နှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ (၄) ဦးတို့သည် ယနေ့ ဇူလှိုင်လ (၁၆) ရက်နေ့ ရုံးထုတ်ချိန်တွင် 'ယနေ့ အမိန့်မချလျင် ထောင်သို့မပြန်' ဟုဆိုကာ တရားရုံးအချုပ်၌ ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါကျောင်းသားများသည် တရားရုံးအချုပ်အတွင်း၌ 'အမိန့်ချက်ချင်းချ ချက်ချင်းချ' 'အပြစ်မဲ့ ရခိုင်ပြည်သူများ ချက်ချင်းလွှတ် ချက်ချင်းလွှတ်' စသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး 'ယနေ့အမိန့်မချလျင် အချုပ်မှ ထောင်သို့မပြန်၊ အပြစ်မဲ့ ဖမ်းဆီးခံ ရခိုင်ပြည်သူများကို ပြန်လွှတ်ပေးရန်' တောင်းဆိုခဲ့ကြသည်။

၎င်းကျောင်းသား ၄ ဦးအား အမှုဆုံးဖြတ်ချက်ချရန် အကြိမ်ကြိမ်ရုံးထုတ်ခဲ့သော်လည်း တရားရုံးမှ အမိန့်မချမှတ်ခြင်းမရှိဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေသဖြင့် ကျောင်းသားများက မခံမရပ်ဖြစ်လာရာက အမိန့်ချရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု အနီးအနားရှိ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် တရားလွှတ်တော် ရုံးဝင်ပေါက်များကိုပိတ်ထားပြီး လက်ရှိအချိန်ထိ လာရောက်ဝန်းရံသူများကိုလည်း ဝင်ခွင့်မပြုကြောင်း ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံထားရသော ကျောင်းသားများသည် စစ်တွေမြို့တွင် ၂၀၂ဝ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့က စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းနောက် ၂၀၂၁ ခုနှစ်၊ မတ်လ ရုံးထုတ်ချိန်တွင် ဘေး/စီ/မံ ဥပဒေ ပုဒ်မ-၂၉ ဖြင့် ထပ်မံတရားစွဲခံရခြင်းဖြစ်သည်။

ယင်းတို့အထဲမှ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေးတို့နှစ်ဦးနှင့် ကိုတိုးတိုးအောင်တို့မှာ ၂၀၂ဝ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် ငြိမ်း/စု/စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံခဲ့ရပြီး စစ်တွေမြို့နယ်တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ) နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ-၂၉ တို့ဖြင့် ဆက်လက်အမှု ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တရားရုံးအချုပ်အတွင်း၌ ကျောင်းသားများအပါအဝင် အခြားသူများကပါ ရုံးထုတ်အမိန့်ချပေးရန် တောင်းဆိုနေကြသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...