စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဆယ်ရက်ခန့်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၁ ဦးနှင့် ရောဂါပိုးကူးစက်ခံရသူ ၁၅၀ ကျော်အထိရှိသည်ဟု ပရဟိတအဖွဲ့အစည်းများက ပြောသည်။
သေဆုံးသူများတွင် အသက် ၄၀ ကျော်၊ ၆၀ ကျော်နှင့် ၇၀ ကျော်အထိ သက်ကြီးရွယ်အိုများပါဝင်ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူများတွင် ခရီးသွားရာဇဝင်ရှိသူများနှင့် ဈေးသည်များဖြစ်ပြီး ဆီးချိုသွေးချိုကဲ့သို့ ရောဂါအခံရှိသူများဖြစ်သည်ဟု ဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့က အမှတ် ၁ ရပ်ကွက်မှ တရုတ်အမျိုးသမီးကြီးတစ်ဦး အသက်ရှူကျပ် အမောဖောက်သေဆုံးမှုကို မသင်္ကာသဖြင့် စစ်ကြည့်ရာမှ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ကြောင်း အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
"ဖြစ်ဖြစ်ချင်းလဲ လော့ဒေါင်းချတယ်။ (အဝင်/အထွက်ပိတ်တယ်) ပြီးတော့ မြန်မြန်ကြီးကူးတော့ လန့်ကြတာပေါ့။ အခု တစ်နေ့တစ်ယောက် နှုန်းလောက်သေနေတော့ လန့်ကြတာပေါ့" ဟု ၎င်းကဆိုသည်။
ယင်းအမျိုးသမီးနှင့် ထိစပ်သူ ၁၁ ဦးကို စစ်ဆေးရာ ၉ ဦးပိုးတွေ့ပြီး အခြား ၁၂ ဦးကို ဆက်လက်စစ်ဆေးရာတွင်လည်း ၄ ဦးပိုးထပ်တွေ့ရကာ ၅ ရက်နေ့တစ်ရက်တည်း ၁၃ ဦးပိုးတွေ့ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့်လက တိုးတိုးတိတ်တိတ်ကျင်းပခဲ့သည့် ရုပ်ရှင်ရုံဖွင့်ပွဲတစ်ခုရှိခဲ့ပြီး အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲကို မန္တလေးမှ လာရောက်သူများရှိသည်ဟု ကသာမြို့ခံအချို့က ပြောသည်။
ကိုဗစ်ရောဂါနှင့် ပထမဆုံး သေဆုံးသူသည်လည်း ထိုရုပ်ရှင်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့သူဖြစ်သည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၂ အုပ်စုရှိသည့် ကသာမြိုသည် လူဦးရေ တသိန်းခြောက်သောင်းကျော်ရှိပြီး တစ်စတုရန်းကီလိုမီတာကို လူ ၇၅ ဦးခန့်နေထိုင်ကြောင်း သိရသည်။







