ကမ်းဝေးငါးဖမ်းလှေများကို ၁၅ ရက်စောကာ ငါးဖမ်းခွင့်ပြု

ကမ်းဝေးငါးဖမ်းလှေများကို ၁၅ ရက်စောကာ ငါးဖမ်းခွင့်ပြု

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေများကို သတ်မှတ်ချိန်ထက် ၁၅ ရက်စောပြီး ပင်လယ်ထွက် ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ခန့်ရှိပြီး အဆိုပါ လှေထက်ဝက်ခန့်မှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ငါးစတင်ဖမ်းကြတော့မည့်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

၎င်းက “လူတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စောပြီး ထွက်ခွင့်ပြုလိုက်တဲ့သဘောပါပဲ" ဟု ပြောသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ် ကိုဗစ်-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့သို့ တင်ပို့နေသည့် ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ ဈေးအဆမတန် ကျဆင်းခဲ့သည်ဟု ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။

ထိုသို့ စျေးအဆမတန် ကျဆင်းခဲ့ရသည့်အတွက် ဖမ်းလုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ပြီး အချို့မှာ လှေရပ်နားလိုက်ရသည်အထိပင် ဖြစ်ခဲ့ရကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်များက ဆိုသည်။

ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ခန့်ရှိသည့်အနက် လှေ ခုနှစ်ရာကျော်မှာ မြိတ်ခရိုင်တစ်ခုတည်းရှိ ငါးဖမ်းလှေများဖြစ်သည်ဟု ဆိုသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ချိန် ငါးမဖမ်းရရာသီကို ပုံမှန် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် သတ်မှတ်ထားသော်လည်း ယခုနှစ်တွင်မူ မေ၊ ဇွန်၊ ဇူလိုင်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ တစ်လစော၍ ပြောင်းလဲသတ်မှတ်ရခြင်းမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြစ်သည်ဟု မြိတ် ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငါးသားပေါက်သည့် ရာသီတွင်သာမက ငါးမျိုးဥဥနေသည့်ရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်လုပ်ဆောင်နိုင်မှသာလျှင် ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း နော်ဝေးသုတေသနသင်္ဘော၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။

August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...
ဓာတ်ပုံ - AFP (ပုံဟောင်း)
August 7, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး...
August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...