မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအတွင်း ကိုဗစ်ကုသရေးဆေးရုံ ၅ ခုဖွင့်လှစ်သွားမည်

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအတွင်း ကိုဗစ်ကုသရေးဆေးရုံ ၅ ခုဖွင့်လှစ်သွားမည်

ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှု ပိုမိုပြင်းထန်လာပြီး အစိုးရဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် သွားရောက်ကုသရန် ပိုမိုခက်ခဲလာခြင်းကြောင့် အတည်ပြုလူနာနှင့် သံသယလူနာများ ကုသရေးအတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအတွင်း ဆေးရုံ ၅ ခု မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနေရာများဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်၊ ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်စခန်း၊ မော်လမြိုင်ခရိုင်ရုံးအခြေစိုက်ဒေသ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၊ ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာနှင့် ရေးချောင်းဖျားဒေသ ပနန်းပုံကျေးရွာများ၌ ယာယီဆေးရုံများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“ကုသရေးအပိုင်းမှာဆိုရင် ဆရာဝန်တွေ သူနာပြုတွေ မွန်ပြည်သစ်ကဆေးမှူးတွေနဲ့ ပရဟိတလူငယ်တွေ ပါဝင်နိုင်တဲ့ ဆေးရုံတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကာကွယ်ထိန်းချုပ်တဲ့အပိုင်းမှာဆိုလည်း ကျွန်တော်တို့နယ်မြေအတွင်းမှာပဲ ကျန်းမာရေးစစ်ဆေးဂိတ် ၁၈ ခုကို ဆက်ပြီး ဖွင့်လှစ်သွားဖို့ရှိတယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

ထို့အပြင် မွန်လူမျိုးအများစုနေထိုင်သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမဟုတ်သည့် ဒေသများတွင်လည်း ကိုဗစ်ကာကွယ်ထောက်ပံ့ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် မည်သည့်အခန်းကဏ္ဍတွင်မဆို ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“တစ်နိုင်ငံလုံး တစ်မြို့လုံး ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိအချိန်မှာဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့ ဟိုပါတီ ဒီပါတီဆိုပြီးတော့ ခွဲခြားနေဖို့မသင့်တော့ဘူး။ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုပူးပေါင်းပါဝင်ရမယ်ဆိုတဲ့စိတ်ဓါတ် လူမျိုးတိုင်းမှာထားရှိဖို့ အရမ်းအရေးနေပြီး” ဟု နိုင်ဗညားလယ်က ဆိုသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေတွင် ကျေးရွာပေါင်း၊ ၁၀၀ ကျော် အိမ်ခြေ ၁၅,၀၀၀ ကျော်ရှိပြီး လူဦးရေ ၇၀,၀၀၀ ကျော်ရှိကြောင်း သတင်းမှတ်တမ်းများက ဖော်ပြထားသည်။

Photo - မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီဥက္ကဌ နိုင်ဗညားလယ် (NMSP)

 
 

 

 

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...