တောင်ကြီးမြို့နယ် လူငယ် ၂၀ နီးပါးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီး

တောင်ကြီးမြို့နယ် လူငယ် ၂၀ နီးပါးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားလူငယ်များနှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သည့် လူငယ်များကို PDF များဟု ပြောဆိုစွပ်စွဲကာ စစ်ကောင်စီများက လိုက်လံဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လအတွင်းတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ လူငယ်များ အယောက် ၂၀ နီးပါးကို စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှုကို တော်လှန်ဆင့်ကျင်နေသည့် လူငယ်များဖြစ်ကြသည်ဟု စစ်ကောင်စီက စွပ်စွဲကာ အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်များသည် ကျောင်းသားများနှင့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသည့်သူများသာဖြစ်ကြပြီး ၎င်းတို့ကို စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးချိန်တွင် မည်သည့်လက်နက်များမှ မတွေ့ရှိသော်လည်း မတရားစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက လူတွေကို ဖမ်းချင်တိုင်းဖမ်းနေကြတာ၊ လူငယ်တွေကိုလည်း PDF လို့စွပ်စွဲပြီး ဖမ်းခေါ်သွားတာ၊ သူတို့ဖမ်းတုန်းက လူငယ်တွေမှာ ဘာလက်နက်မှပါသွားတာမဟုတ်ဘူး၊ သူတို့လက်ထဲရောက်မှ လက်နက်နဲ့မိတယ် ဘာညာဆိုပြီး လုပ်ဇာတ်တွေဖန်တီးကြတာ” ဟု တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အချိန်တွင် လက်နက်ခဲယမ်းများနှင့်တွေ့ရှိပြီး ဖမ်းခေါ်သွားခြင်းမဟုတ်သော်လည်း ၎င်းတို့လက်ထဲရောက်သွားသည့် လူငယ်များကို လက်နက်များနှင့်ဖမ်းမိကြောင်း မဟုတ်မမှန်သည့် စွပ်စွဲချက်များဖြင့် ပုဒ်မများကိုတပ်ကာ အရေးယူ ထောင်ချခြင်းများပြုလုပ်နေကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“အာဏာသိမ်းတဲ့ ၅ လကျော်ကာလအတွင်းမှာ ဒီတိုင်းလမ်းသွားနေတဲ့ပြည်သူတွေ လူငယ်တွေကိုဖမ်းပြီး ကြိုက်သလို ပုဒ်မတပ်နေတာလေ၊ ပြီးတော့ လက်နက်တွေနဲ့ ဖမ်းမိတာလည်းမဟုတ်ပဲနဲ့ တခြားသူတို့ လက်နက်နဲ့ပြပြီး လက်နက်တွေနဲ့ ဖမ်းမိထားပါတယ်တဲ့၊ သတင်းတွေကိုလည်း ကြိုက်သလိုလွင့်နေတာဆိုတော့ သူတို့ပြောစကားကိုတော့ ဘာမှယုံလို့မရဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကောင်စီ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားပုဒ်မတပ်ကာ စွပ်စွဲထောင်ချသည့်လူငယ်များတွင် ပရဟိတသမားများလည်း ပါဝင်နေကြောင်းနှင့်ပက်သက်ပြီး တောင်ကြီးမြို့နယ်အတွင်း လုပ်ဆောင်နေသည့် ပရဟိတသမားဖြစ်သူ ကိုအောင်နွေဦး (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ယခုလို ပြောပြထားသည်။

“မနေ့ညက စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စေတနာ့ဝန်ထမ်းတွေ လာပြီး လုပ်အားပေးကြပါဆိုပြီးတော့မှ အရှက်မရှိ ကြေညာရဲသေးတယ်။ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေ လူငယ်တွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီနေပေးနေချိန်ကျတော့ ကျန်းမာရေးဝန်ထမ်းပါမချန် သူတို့စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်တယ်၊ ရိုက်နက်တယ်ဆိုတော့ သူတို့အတွက် ဘယ်သူက လုပ်ပေးချင်တော့မှာလဲ” ဟု ကိုအောင်နွေဦးက ပြောသည်။

စစ်ကောင်စီလက်ထက်တွင် တောင်ကြီးမြို့ အရပ်သား (၂၀၀) နီးပါးကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...