သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် Stay At Home ကာလအတွင်း ခရီးသွားများ မည်သည့်ထောက်ခံစာဖြင့် ဝင်/ထွက်သွားလာခွင့်မပြုကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေသည့် (၆) မြို့နယ်ကို Stay at Home အဖြစ် ကြေညာခဲ့ပြီး ထိုထဲတွင် လားရှိုးမြို့ အပါအဝင်ဖြစ်ပြီး၊ Stay at Home ကာလအတွင်း မည်သည့်ထောက်ခံစာဖြင့် ဝင်/ထွက်သွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။
“လားရှိုးမြို့ကို Stay At Home မှာ အကျုံးဝင်တယ်လို့ ကြေညာချက်ထုတ်ထားလို့ အခုဆို လားရှိုးမြို့တွင်းကနေ မြို့ပြင်ကို ထွက်သွားပြီးရင် ဘယ်ထောက်ခံစာတွေပဲပါပါ ပြန်ဝင်လာဖို့ လက်မခံတော့ဘူး၊ လားရှိုးမြို့ပြင်က လူတွေကိုလည်း မြို့ထဲဝင်ဖို့ ဘယ်လိုထောက်ခံစာနဲ့မှ လက်မခံတော့ပါဘူး” ဟု လားရှိုးမြို့နေ ဦးသောင်းလွင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ပြီး ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အားလုံးသည် လားရှိုးမြို့သို့ လာရောက်မည်ဆိုပါက ကိုဗစ်–၁၉ ကူးစက်ကာကွယ်ဆေး နှစ်ကြိမ်ထောက်ခံစာ (သို့မဟုတ်) နောင်ချို့မြို့နယ် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်မှ RDT စစ်ဆေးပြီး ကိုဗစ်–၁၉ ကင်းစင်ကြောင်း ထောက်ခံချက်စာရွက်ပါမှသာ ဝင်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကုန်စည်တင်ပို့တဲ့ ယာဉ်တွေကိုတော့ လားရှိုးမြို့တွင်းနေထိုင်ကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်ကထုတ်ပေးတဲ့ ထောက်ခံချက်ရှိတဲ့ ယာဉ်မောင်းတွေနဲ့ အချိန်အပြောင်းလုပ်ပြီး ဝင်/ထွက်မောင်းနှင်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်၊ အဓိက ခရီးသွားတွေတော့မရဘူး” ဟု ဦးသောင်းလွင်က ပြောသည်။
လက်ရှိတွင် လားရှိုးမြို့တွင်း၌ ကိုဗစ်–၁၉ ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ ၈၀၀ နီးပါးရှိနေခဲ့ပြီး ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်မှုများပြားသည့် လားရှိုးမြို့ကဲ့သို့သော လောက်ကိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်၊ မူဆယ်မြို့နယ်၊ သီပေါမြို့နယ်တို့အပါအဝင် Stay at home သတ်မှတ်ခံရသည့် မြို့နယ်များ သျှမ်းပြည်တွင် (၆) မြို့နယ်အထိရှိလာကြောင်း သိရသည်။







