စိုက်ပျိုးရေးချေးငွေမထုတ်ပေးသည့်အတွက် ရခိုင်လယ်သမားများ အခက်ကြုံ

စိုက်ပျိုးရေးချေးငွေမထုတ်ပေးသည့်အတွက် ရခိုင်လယ်သမားများ အခက်ကြုံ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးချေးငွေများကို ပေးချေပြီးသည်မှာ တစ်လကျော်လောက် ကြာမြင့်လာပြီဖြစ်သော်လည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဘဏ်က ချေးငွေများကို ပြန်လည်ထုတ်ချေးခြင်းမရှိသည့်အတွက် လယ်ယာစိုက်ပျိုးရေးမှာ အခက်အခဲတွေ့နေကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာမှ တောင်သူလယ်သမားတစ်ဦးက “စိုက်ပျိုးရေးချေးငွေ ပေးချေရတာကတော့ မြောက်ဦးမြို့က မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှာ ပေးရတာပါ။ စိုက်ပျိုးရေးချေးငွေတွေကို ပေးချေပြီးလို့ ရက်ပေါင်း (၁၀) အတွင်း ပြန်လည်ထုတ်ချေးပေးမယ်ဆိုတဲ့အတွက် တောင်သူတွေကလည်း တပြေးညီ ဆပ်ကြပါတယ်။ အခုဆိုရင် တောင်သူတွေက ဓာတ်မြေဩဇာတွေ ဝယ်ယူရာမှာ ဈေးနှုန်းတွေ အရမ်းတက်လာတဲ့အတွက် အခက်အခဲဖြစ်နေပါတယ်။ ငွေကြေး အလုံအလောက်မရှိတဲ့အတွက် ပစ္စည်းဥစ္စာတွေကို ပေါင်နှံထားရတယ်။ အိမ်မှာရှိတဲ့ စပါးတွေဆန်တွေကို ရောင်းရတယ်။ ရှိတဲ့ငွေတွေကိုလည်း စိုက်ဘဏ်ကိုပေးချေလိုက်တဲ့အခါ အခုဆိုရင် တောင်သူတွေက အရမ်းအခက်အခဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

အစိုးရက စိုက်ပျိုးရေးချေးငွေအဖြစ်ထုတ်ချေးရာတွင် လယ် (၁) ဧကကို ကျပ်ငွေ (၁) သိန်းခွဲထုတ်ပေးပြီး လက်ရှိကာလတွင် လယ်ယာ စိုက်ပျိုးရေးမှာအသုံးပြုတဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ချေးငွေ ပြန်လည်ထုတ်ပေးဖို့ တောင်းဆိုရတာလို့ မြောက်ဦးမြို့နယ်မှ တောင်သူများကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြေဆီမြေဩဇာဈေးနှုန်းများမှာ T- Super တစ်အိတ်လျှင် (၄) သောင်းရှစ်ထောင်ထိရှိပြီး ယခင်နှစ်များကဆိုလျှင် နှစ်သောင်းခွဲလောက်ရှိကြောင်း၊  မြေဆီအဖြူဆိုလျှင်လည်း တစ်အိတ် လက်ရှိ ငါးသောင်းကျော်အထိ ဈေးနှုန်းများ မြင့်တက်သွားကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ သံချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းစိန်သာကလည်း “ ကျနော်ထင်တာကတော့ စိုက်ပျိုးရေးချေးငွေတွေကို မြန်မြန်ဆန်ဆန် ထုတ်ပေးလိုက်ရင်တော့ တောင်သူလယ်သမားတွေအတွက် အဆင်ပြေသွားမှာပေါ့။ ကျနော်က တောင်သူလယ်သမားတစ်ယောက်လည်း ဖြစ်တယ်။ ဒါကြောင့် တောင်သူတွေအားလုံး ကိုယ်စား တောင်းဆိုချင်တာကတော့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရအနေနဲ့ စိုက်ပျိုးရေးချေးငွေတွေကို တောင်သူလယ်သမားတွေဆီသို့ ချောချောမွေ့မွေ့နဲ့ ပြန်လည် ထုတ်ချေးပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်သို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်းက တောင်သူလယ်သမားများအနေဖြင့် ငွေရေးကြေးရေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီး မြေဆီမြေဩဇာဈေးနှုန်းများ မြင့်တက်နေခြင်းကလည်း တောင်သူများကို အခက်အခဲဖြစ်စေကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...