အေးသာယာမြို့ NLD ပါတီ အမျိုးသမီးတစ်ဦး Facbook ပေါ်ရေးသားမှုကြောင့် ၅၀၅ ဖြင့် ဖမ်းခံရ

အေးသာယာမြို့ NLD ပါတီ အမျိုးသမီးတစ်ဦး Facbook ပေါ်ရေးသားမှုကြောင့် ၅၀၅ ဖြင့် ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီမှ ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီး တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် နေ့လည် ၁၁ နာရီကျော်တွင် အေးသာယာမြို့တွင်နေထိုင်သည့် မထွေးထွေးမြင့် Facebook (လူမှုကွန်ရက်စာမျက်နှာ) ပေါ်တွင် နိုင်ငံတောအကြည်ညိုပျက်စေသည့် အရေးအသားဟုပြောဆိုကာ စစ်ကောင်စီမှ ပုဒ်မ (၅၀၅) ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အေးသာယာမြို့နေ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ၁၁ နာရီ စစ်ကား ၃ စီး လူအင်အား ၃၀ ခန့်က သူ့အိမ်ကိုလာဝိုင်းပြီး စစ်ဆေးမေးမြန်းဖို့ရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ လာတဲ့သူတွေကလည်း အရပ်ဝတ်တွေပဲ။ ကျမသိရသလောက်တော့ သူ့ဖေ့ဘွတ်ပေါ်မှာ ရေးသားတဲ့ကိစ္စကြောင့်လို့ပြောတာပဲ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

လက်ရှိဖမ်းဆီးခံရသည့် မထွေးထွေးမြင့်ကို တောင်ကြီးအမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ အဖမ်းခံရသည့် မထွေးထွေးမြင့်သည် NLD ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ပါတီနှင့်ပတ်သက်သည့် တာဝန်များကို ပေးအပ်ထားခြင်းမရှိကြောင်း သိရသည်။

“မထွေးထွေးမြင့်က ရိုးရိုးပါတီဝင်တစ်ဦးပါ၊ ပါတီပိုင်းမှာ ဘာဝာာဝန်မှ မယူထားပါဘူး၊ ပြီးတော့ ဆန္ဒပြမှုမှာလည်း အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှာပဲ ပါဝင်ဖြစ်ပါတယ်” ဟု အေးသာယာမြို့မှ NLD ပါတီ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ အေးသာယာမြို့ ဒေသခံ (၁၀) ဦးထက်မနည်း ဖမ်းဆီးထားရှိကြောင်း၊ ထိုဖမ်းဆီးမှုကြောင့်လည်း ဒေသခံများက စိုးရိမ်မှုရှိနေကြောင်း သိရသည်။

“နိုင်ငံရေးနဲ့ ပက်သက်တာဆိုလို့ နွေဦးတော်လှန်ရေး အစောပိုင်းကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုလုပ်ဆောင်တာပဲရှိတယ်၊ အခုက Facebook ပေါ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ရေးသားလို့ဆိုပြီး ၅၀၅ တပ်တယ်။ ခုခေတ်က ရေးနေတိုင်းသာဖမ်းမယ်ဆိုရင် ဘယ်မှာလည်း လူ့အခွင့်အရေး” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း NLD အဖွဲ့ဝင်များနှင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေသော လူငယ်အများစုပါဝင်သည့် PDF အဖွဲ့ဝင်များကို စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...