ကသာမြို့တွင် တနင်္လာနေ့ညပိုင်းက ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်များဖြင့် မြို့ထဲလှည့်လည်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
ထိုဖြစ်ရပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ရှိ အမှတ် ၁ ရပ်ကွက်ရှိ ကြံခိုင်ရေးရုံးနှင့် အမှတ် ၇ ရပ်ကွက် ဥက္ကဋ္ဌအိမ်ရှေ့တို့တွင် ရှေ့ဆင့် နောက်ဆင့် ဗုံးပေါက်ကွဲမူဖြစ်ပြီးနောက် မြို့မရဲစခန်းမှ ရဲများနှင့် လုံခြုံယူထားသည့် စစ်သားများက အရပ်ဝတ်များဖြင့် ဆိုင်ကယ်စီးကာ သေနတ်မိုးပေါ်ထောင်ဖောက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
”ရဲယူနီဖောင်းနဲ့မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ဆိုတော့ PDF တွေ ရဲစခန်းဝင်သိမ်းတယ်ဆိုပြီး အကုန်ဖြစ်ကုန်ကြတာ။ ဆိုင်ကယ်ပေါ်ကနေ ဗုံးသုံးလုံးစာတောင်မရှိဘူးလို့လည်း အော်သွားကြသေးတယ်” ကသာမြို့ ရပ်ကွက် ၂ က အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အရပ်ဝတ်များက ပစ်ခတ်ခဲ့သည့်အတွက် ၎င်းတို့အား PDF ဟု ကနဦးက ထင်ခဲ့ကြသည်ဟု မြို့ခံများက ဆိုသည်။
ထို့နောက်မှ ဆဲဆိုအော်သွားသည့် အသံများကြားမှ လာရောက်ပစ်ခတ်သူများမှာ PDF တပ်ဖွဲ့များမဟုတ်ပဲ ရဲနှင့်စစ်သားများဖြစ်ကြောင်း သိရသည်ဟု ပြောသည်။
အမှတ် ၁ ရပ်ကွက်ရှိ ရုပ်ရှင်ရုံနှင့် ကြံခိုင်ရေးရုံးရှေ့တွင် အရပ်ဝတ်ဖြင့် စစ်သားများက သေနတ်အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် ရပ်ကွက် ၂ ရှိ ရွှေစင်ရွှေဆိုင်မှ ရှေ့မှန်များလည်းကွဲသွားကြောင်း အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၀ အရွယ် အဆိုပါအမျိုးသားတစ်ဦးက ဆက်ပြောသည်။
ယခု ရဲများ သေနတ်ထောင်ဖောက်သောနေရာသည် အမှတ် ၁ ရပ်ကွက်၊ ၂ ရပ်ကွက်တို့နှင့် ထိစပ်နေသည့်နေရာဖြစ်ပြီး ရဲစခန်း၊ ကြံခိုင်ရေးရုံး၊ မီးသတ်၊ မြို့မဈေးတို့ရှိကာ မျက်နှာခြင်းဆိုင်တွင် သီရီခေမာဈေး၊ ယခင်ကားလေးဂိတ်တို့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ ညကလည်း ကသာမှ ဗန်းမော်ဘက်သို့အထွက် တစ်မိုင်ခန့်အကွာ ကားကြီးကွင်းဟုခေါ်ကြသည့် ကျွဲဈေး၊ နွားဈေးအနီးတွင် စစ်ကောင်စီတပ်မှ ကား ၂ စီးကို ဒေသခံ PDF တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့က ခြုံခိုတိုက်ခဲ့ ကြောင်း သိရသည်။







