နိုင်ငံရေးဆွေးနွေးပွဲများတစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်ကြောင်း KNU ဥက္ကဌတောင်းဆို

နိုင်ငံရေးဆွေးနွေးပွဲများတစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်ကြောင်း KNU ဥက္ကဌတောင်းဆို
by -
မဇ္ဈိမ
နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက်ဖြစ်စေ၊ နေရာဒေသအလိုက်ဖြစ်စေ၊ အကြောင်းအရာအလိုက်ဖြစ်စေတစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရန် လိုအပ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။

ယနေ့ မေလ ၂၄ ရက် နေ့ က နေပြည်တော် MICC-2တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး အဖွင့်မိန့်ခွန်းပြောဆိုရာတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အကန့်အသတ်ဘောင်အတွင်းမှဖြစ်စေ၊ ပုံပြသဘောဖြင့်ဖြစ်စေ၊ အလျင်စလိုပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူမပြုသလို   ပြဿနာကိုဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး” ဟုဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးပြီးပါက အဆိုပါ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသတွင် လူမျိုးအလိုက်ဖြစ်စေ၊   ဒေသအလိုက်ဖြစ်စေ၊ အကြောင်းအရာအလိုက်ဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပရမည်ဖြစ်သည်။

သို့သော် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) မှ လက်မှတ် ရေးထိုးထားသော်လည်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့် မရရှိခဲ့သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့၌ လူမျိုးအလိုက် နို်င်ငံရေးဆွေးနွေးပွဲကျင်းပခွင့် တောင်းခံရာတွင် ရရှိခဲ့ခြင်းမရှိပေ။

ရခိုင်အမျိုးသားပါတီဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်က ရခုုိင်ပြည်နယ်တွင် လူမျိုးအလိုုက် အမျိုးသားအဆင့် ဆွေးနွေးပွဲများ မကျင်းပနိုုင်သေးသဖြင့် ယခုလက်ရှိ ကျင်းပနေသည့် ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံတွင် ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်မည့် သဘောထားစာတမ်းများကို တင်သွင်းနိုင်မည် မဟုတ်ဟုဆိုသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပခွင့် ပေးပါဆိုပြီးတောင်းဆိုခဲ့တယ်၊ လုပ်ခွင့်ပေးမယ်ဆိုပေးလို့ရတဲ့ အချိန်လုံလောက်မှု ရှိတယ်၊ ဒါပေမယ့် မရခဲ့ဘူး”  ဟုဒေါက်တာအေးမောင်ကပြောသည်။

ရှမ်းပြည်နယ်အတွင်း လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်မရရှိခဲ့ခြင်းကြောင့် မည်သည့် သဘောတူညီချက်မျိုးကိုမျှ လက်မှတ်ရေးထိုးမည် မဟုတ်ဟုု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) မှလည်း ထုတ်ပြန်ထားသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...