သျှမ်းပြည်ရှိ တစ်ချို့မြို့နယ်များတွင် ဆေးဝါးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ

သျှမ်းပြည်ရှိ တစ်ချို့မြို့နယ်များတွင် ဆေးဝါးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ

ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် သျှမ်းပြည်တွင် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel နှင့် ဆေးဝါးများ ဈေးတက်လာကြောင်း စုံစမ်းသိရှိရသည်။

ယခုလအတွင်း သျှမ်းပြည်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာပြီး ကိုဗစ်ကာကွယ်ရေးပစ္စည်းများလည်း ရောင်းအားကောင်းလာကာ ဈေးတက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။

“မြို့မှာဆို ကိုဗစ်ပိုးကူးတာများနေပြီ၊ တစ်ချို့ဆို ကိုဗစ်လက္ခဏာဖြစ်ပြီး မစစ်ရသေးခင် သေတာတွေ၊ ရုတ်တရက် အသက်ရှူကြပ်ပြီး သေတာတွေလည်း ကြားနေရတာဆိုတော့ အားလုံးက သတိထား ကာကွယ်နေကြပြီလေ၊ အဲ့တော့ Mask ၊ Hand Gel ဈေးတွေလည်း တက်လာတယ်၊ ဒီနေ့မနက် သွားဝယ်တာ Mask အခု (၁၀၀) ပါတဲ့ဟာဆို တစ်ထုပ်ကို ၅၅၀၀၊ ၆၀၀၀ လောက်ထိ ပေးဝယ်နေရပြီ” ဟု ကျောက်မဲဒေသခံများက ပြောသည်။

ထို့အပြင် တချို့ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်လုနီးပါးဖြစ်နေပြီး မှာယူရာမှာလည်း ကြန့်ကြာနေသည်။

ဝယ်ယူမှုများသည့် ဆေးဝါးများမှာ Paracetamol အပါအဝင် အကိုက်အခဲပျောက်ဆေးနှင့် အားဆေးများဖြစ်ကြောင်း သိရသည်။

“ဆေးရုံကုသရေးဆောင်မှာနေရတုန်းက ပါရာ (Paracetamol) ပဲ အဓိကသောက်ရတာ၊ ပြီးတော့ အစားကို မှန်မှန်စားပေးရတယ်၊ တစ်ရက်ကို ကြက်ဥ (၂) လုံးနဲ့ ငှက်ပျောသီးတွေ စားပေးရတယ်။ ဆယ်ရက်လောက်နေတော့ ပြန်စစ်ကြည့်တာ ကိုဗစ်ပိုး မရှိတော့ဘူး၊ ခု အိမ်ပြန်ရောက်ပြီး သီးသန့်နေနေတယ်။ မိသားစုတွေကိုတော့ ပါရာရယ်၊ ဓါတ်ဆားရယ်၊ အားဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဝယ်ဆောင်ထားဖို့ပြောလိုက်လို့ သူတို့လည်း သွားဝယ်ထားပြီ” ဟု သီပေါဆေးရုံမှ ဆေးရုံဆင်းခွင့်ရပြီးသူ အတည်ပြုလူနာအမျိုးသမီးတစ်ဦးက ပြောသည်။

ကိုးဗစ်ကူးစက်ခံရပြီး ကုသမှုခံယူနေသူတစ်ချို့သည် အောက်ဆီဂျင်အသုံးပြုနေရပြီး အများစုမှာ သက်ကြီးပိုင်းနှင့် ရောဂါအခံရှိသူများ အောက်ဆီဂျင်အသုံးပြုနေရကြောင်း သိရသည်။

“အောက်ဆီဂျင်က ရှာရခက်လာပြီ၊ မြို့မှာဆို စက်ရုံကြီးမရှိတော့ တစ်ခြားမြို့ကိုပို့ပြီး ဖြည့်ရတာ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် တစ်မြို့လုံး ဘယ်မှာမှ ရှာလို့မရတော့ဘူး၊ အဲ့တော့ ကူးစက်လူနာက နေ့တိုင်းတိုးနေပြီး အောက်ဆီဂျင် ခက်ခဲလာတယ်ဆိုတော့ တကယ်ကို စိုးရိမ်စရာပါပဲ” ဟု လူမှုကူညီရေးအသင်းသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်ပြည်တွင် ကိုဗစ်အတည်ပြုလူနာနှင့် သေဆုံးလူနာ နေ့စဉ်ရှိနေပြီး ယနေ့ထိ ကိုဗစ်လူနာ (၂၆၀၀) ဝန်းကျင်နှင့် သေဆုံးသူ (၆၀) ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...