မွန်ပြည်နယ် နှာခေါင်းစည်းဈေး သုံးဆတက်

မွန်ပြည်နယ် နှာခေါင်းစည်းဈေး သုံးဆတက်

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့် မွန်ပြည်နယ်တွင် နှာခေါင်းစည်း Mask စျေးနှုန်း သုံးဆခန့်အထိတက်သွားသည်ဟု ပြည်သူများနှင့် စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

ကိုဗစ်ကူးစက်မှု မများသေးသည့် ဇွန်လမတိုင်ခင်က ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း အခုရေ ၅၀ ပါ တစ်ဗူးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ပေါက်စျေးသာရှိခဲ့သော်လည်း ကိုဗစ်ကူးစက်မှု စများလာသည့် ဇွန်လဆန်းပိုင်းခန့်မှစတင်၍ နှာခေါင်းစည်းစျေးတက်လာကာ ယခုအခါ တစ်ဗူးလျှင် ကျပ် ၃၀၀၀ အထိ စျေးတက်သွားခဲ့သည်။

“တစ်နေ့ကပဲ ၂၅၀၀ နဲ့ တစ်ဗူးဝယ်လာတယ်၊ တချို့ဆိုင်တွေမှာ ၂၈၀၀၊ ၃၀၀၀ နဲ့ ရောင်းနေတာတွေလည်းရှိတယ်။ စျေးက သုံးဆလောက်တက်သွားတယ်ပေါ့။ အရင်က ၈၀၀၊ ၉၀၀ ပဲ။ အခု ၅၀ ပါတစ်ဗူးကို ဘယ်လိုလုပ်ရမလဲ စျေးတက်လည်း ဝယ်ရတာပဲလေ” ဟု ဒေါ်ခင်ဝင်းက ပြောသည်။

ကိုဗစ်ကူးစက်မှု များလာသည်နှင့်အမျှ နှာခေါင်းစည်းများ ဝယ်လိုအားများလာသည့်အတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ စျေးတက်သွားခြင်းဖြစ်သည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

“ကိုဗစ်ကူးစက်မှုတွေ များလာတာနဲ့ ကိုဗစ်ကာကွယ်ပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်းတို့ နောက် hand gel တို့ စသဖြင့် အဝယ်များလာတယ်၊ အဝယ်များလာတော့ စျေးတွေက ခုန်တက်သွားတယ်။ အဲဒီသဘောပါ ပစ္စည်းတွေကတော့ ပြတ်လပ်တာတော့ မရှိသေးဘူး။ လောလောဆယ်” ဟု စျေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာနေသည့်အတွက် နှာခေါင်းစည်းဝယ်လိုအားလည်း များလာနိုင်သဖြင့် လက်ရှိထက် နှာခေါင်းစည်းစျေး ပိုတက်လာနိုင်သည်ဟုလည်း စျေးဆိုင်ပိုင်ရှင်များက ခန့်မှန်းပြောဆိုနေကြသည်။

လက်ရှိတွင် စျေးကွက်အတွင်း နှာခေါင်းစည်း ပြတ်လပ်မှုမရှိသေးသော်လည်း ဝယ်လိုအား လက်ရှိထက် ပိုများလာမည်ဆိုပါက ပစ္စည်းပြတ်လပ်သွားနိုင်သည့် အနေအထားရှိသည်ဟုလည်း စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစ၍ ကိုဗစ်ကူးစက်လူနာများ ဆက်တိုက်မြင့်တက်လာခဲ့ရာ တစ်လကျော်အတွင်း၌ COVID-19 အတည်ပြုလူနာ ၂၀၀၀ ကျော်ရှိကာ သေဆုံးသူ ၇၀ ကျော်ရှိပြီဖြစ်သည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...