ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာတံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် ခလရ ၅၈ လက်အောက် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယမန်နေ့ညက တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ တပ်ဖွဲ့က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည့်အပြင် တပ်စခန်းအတွင်းရှိ တဲများကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောပြသည်။
“သူတို့ရဲ့ စခန်းတဲ ၃ ခုလောက်ကို မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တဲတစ်ခုဘဲကျန်တော့တယ်။ KIA ဘက်ကနေ လက်နက်ကြီးနဲ့ အရင်လာပစ်တယ်။ အဲ့လိုလာပစ်တော့ အဲ့စခန်းမှာရှိတဲ့ ပြည်သူ့စစ် စစ်သားတွေက ထွက်ပြေးသွားတယ်ထင်တယ်။ စခန်းကိုဝင်ပြီး မီးရှို့သိမ်းတာတွေ လုပ်သွားတယ်” ဟု ပြောဆိုသည်။
တိုက်ခိုက်ခံရသည့် ပြည်သူ့စစ်စခန်းအတွင်းမှ ဆိုင်ကယ် ၂ စီး၊ သေနတ် ၂ လက်၊ ကျည်ထောင့်များနှင့် လက်နက်ပစ္စည်းတစ်ချို့ကိုလည်း KIA က သိမ်းယူသွားခဲ့သည်။
KIA က ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ည ၉ နာရီခွဲဝန်းကျင်တွင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်တပ်စခန်းတွင် ယခင်က ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ တပ်စွဲနေထိုင်ခဲ့သော်လည်း လက်ရှိတွင် အောင်မြေ (၁) နှင့် တာလောကြီးကျေးရွာ ၂ ခုမှ ပြည်သူ့စစ် ၁၀ ဦးခန့် ပုံမှန်ရှိနေသော တပ်စခန်းဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။







