သျှမ်းပြည် ကိုဗစ်-၁၉ ဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းများ အခက်ခဲကြုံနေ

သျှမ်းပြည် ကိုဗစ်-၁၉ ဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းများ အခက်ခဲကြုံနေ

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့် လက်ရှိကာလတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ မလုံလောက်သည့်အတွက် ပရဟိတသမားများ ယခင်ကထက် ပိုမိုကူညီဆောင်ရွက်နေရပြီး အခက်ခဲများစွာနှင့်လည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သီပေါမြို့ရှိ ပရဟိတအသင်းတစ်သင်းတွင် အဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုး ကူးစက်ခံထားရပြီး သံသယလူနာများလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ကြရန် ပရဟိတဆောင်ရွက်နေသူများမှ လိုလားလျက်ရှိသည်။

“ခုချိန်မှာ အားလုံးက အိမ်ထဲမှာပဲနေတာ၊ ဆိုင်ပိတ်ထားတာတွေကို မိမိကိုယ်တိုင် အသိစိတ်နဲ့ ပူးပေါင်းပါဝင်ဖို့ လိုနေပြီ၊ အဲလို ပူးပေါင်းပါဝင်မှ ဒီရောဂါဆိုးကြီးကို ထိန်းနိုင်မှာ၊ ခုဆိုရင် ပရဟိတသမားတွေလည်း ပင်ပန်းနေကြပြီ” သီပေါမြို့မှ ပရဟိသဆောင်ရွက်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံပြည်သူများကို ကူညီပေးနေသည့် လူမှုရေးပရဟိတအသင်းဖြစ်သော်လည်း မြို့နယ်တွင်း နေရာတိုင်းသို့ သွားလာလို့မရသည့်အပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး ထိခိုက်လူနာများအား သွားရောက်သယ်ယူဖို့ရန် အခက်ခဲများလည်းရှိနေကြောင်း သိရသည်။

“ခုရက်ပိုင်း တိုက်ပွဲတွေက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်နေတာဆိုတော့ သွားမရတဲ့နေရာတွေရှိတယ်။ တကယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာနား လူနာသွားသယ်ယူမယ်ဆိုရင်လည်း နယ်မြေခံတာဝန်ရှိသူတွေကို သတင်းပေးပို့ပြီး ခွင့်ပြုမှ၊ နောက်ပြီး ဒေသခံတွေပါမှ သွားသယ်ရတာ၊ တစ်ချို့နေရာကျတော့ ဘာသာစကား အခက်အခဲတွေလည်းရှိတယ်” ကျောက်မဲမြို့မှ ပရဟိတဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းကာလတွင် ပရဟိတအသင်းအဖွဲ့များက ကျန်းမာရေးဌာနနှင့်ပူးပေါင်းပြီး ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့်အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

သို့သော် လက်ရှိ ကိုဗစ်တတိယလှိုင်းတွင် ကျန်းမာရေးဝန်ထမ်းများလည်း များစွာလျော့နည်းသွားသည့်အပြင် ပရဟိတဆောင်ရွက်သူများလည်း နည်းပါးလာသည့်အတွက် ကိုဗစ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ခက်ခဲနေပြီး ဒေသခံများအတွက် စိုးရိမ်နေရကြောင်း ၎င်းကဆိုသည်။

“ကိုဗစ်လမ်းကြောင်း လုပ်နေတဲ့အခါ ကာကွယ်ရေးအသုံးပြုရတဲ့ ပစ္စည်းတွေက ကိုယ့်ဟာနဲ့ကိုရှာပြီး သုံးနေရတာ၊ ခုဆို ကျနော်တို့လက်ထဲမှာ ပစ္စည်းတွေက ပြတ်သလောက်ဖြစ်နေပြီ။ အလှူငွေတွေကလည်း သိပ်မရှိဘူးဆိုတော့ ဒီအခက်ခဲတော့ ရှိတာပေါ့၊ ကျနော်တို့အသင်းလိုပဲ တစ်ခြားအသင်းတွေလည်း ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက ကုန်လုနီးပါးဖြစ်နေကြပြီ” ကျောက်မဲမြို့မှ ပရဟိတအသင်းသားတစ်ဦးက ပြောသည်။

ယခင်က ကိုဗစ်စစ်ဆေးသည့် ဂိတ်များတွင် ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအပြင် စေတနာ့ဝန်ထမ်းများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြသော်လည်း ယခုချိန်တွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူအနည်းငယ်သာ စောင့်ကြပ်စစ်ဆေးနေကြောင်း သိရသည်။

“ကိုဗစ်စစ်ဆေးတာတွေက အရမ်းကိုအားနည်းတယ်။ အရင်က မြို့အဝင်လမ်းမကြီးတစ်လမ်းပဲ ဖွင့်ထားတာ၊ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း စနစ်တကျရှိတယ်။ ခုက စစ်ဆေးရေးဂိတ်လုပ်ထားတယ်ဆိုပေမယ့် တစ်ခြားလမ်းကြောင်းတွေအားလုံးက ဖွင့်ထားတော့ ဝင်/ထွက်မှုတွေက လွယ်ကူတာပေါ့” ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျောက်မဲမြို့သို့ တရုတ်နယ်စပ်မှပြန်လာသူ များပြားသော်လည်း Q Center တွင် ဝင်နေသူ အနည်းငယ်သာရှိနေကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်ပိုးကူးစက်သူ မြင့်တက်နေပြီး ကူးစက်ခံရသူ (၃) ထောင်ဝန်းကျင်ရှိကာ သေဆုံးသူ (၆၀) ခန့်ရှိကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...