ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဆွဲလာသောမြေပုံနှင့် သူ၏အမှု ၂ ခု တရားခွင်

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဆွဲလာသောမြေပုံနှင့် သူ၏အမှု ၂ ခု တရားခွင်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်စွဲဆိုထားသော အမှုနှစ်ခုနှင့်ပတ်သက်၍ ချေပရန် မြေပုံတစ်ခုကို ကိုယ်တိုင်ဆွဲလာခဲ့သည်။

ခဲတံနှင့်ဆွဲထားသောမြေပုံတွင် ပင်မနေအိမ်၊ ပန်းခြံလေးများ၊ ခြံဝင်း၊ အိမ်နောက်ဘက်ကလျိုနှင့် အိမ်နီးချင်းများဖြစ်သော ဒေါက်တာတင်မျိုးဝင်းအိမ်၊ ဒေါက်တာမျိုးအောင်အိမ်၊ အိမ်ရှေ့ဘက်ရှိ မြနန်းဘုံသာလမ်းနှင့်တကွ လမ်းတစ်ဘက်ခြားမှာရှိသော လုံခြုံရေးအဆောင်သုံးဆောင်တို့ပါရှိသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် Walkie Talkie လမ်းလျှောက်စကားပြောဆက်သွယ်ရေးစက် ၁၀ လုံးနှင့် ရေဒီယိုလှိုင်းဖြတ်စက် (Jammer) တစ်စုံကို သိမ်းဆည်းရမိသည်ဆိုကာ ရဲမှူးကြည်လွင်က တရားလိုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် စွဲဆိုထားခဲ့သည်။

ဇူလိုင် ၅ ရက်နေ့က ရုံးချိန်းတွင် အဆိုပါအမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေက တရားလိုဘက်ကို ပြန်လှန်မေးခွန်းများမေးရာတွင် အသုံးပြုရန် မြေပုံက အထောက်အကူပြုခဲ့သည်။

တရားခွင်စစ်ဆေးမေးမြန်းမှုတွင် သိမ်းဆည်းရမိသောပစ္စည်းများသည် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှမဟုတ်ကြောင်း ပေါ်လွင်သွားခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမသို့ပြောသည်။

“ဒီလိုမြေပုံဆိုတာက အမှုစစ်ရဲအရာရှိက ဆွဲပြီးတင်ပေးရမှာ။ အမှုစစ်အရာရှိကလည်း မြေပုံဆွဲပြီး ဒီအမှုထဲမှာ တွဲမထားဘူး။ အမက ကျွန်တော့်ကို မြေပုံဆွဲပေးတယ်။ အရင်ရုံးချိန်းတွေတုန်းက ကျွန်တော် ပြန်လှန်မေးခွန်းတွေမေးနေတာကို သက်သေတွေက ငြင်းနေတာတွေ၊ ဝန်ခံတာတွေ ဒီအပေါ်မှာ သူကြည့်ပြီးတော့ မြေပုံဆွဲပေးမှရမယ်ဆိုပြီး သူထင်ပါလိမ့်မယ်။ သူက မြေပုံဆွဲပေးလိုက်တော့ ကျွန်တော်ကလည်း မြေပုံ အတိုင်းကြည့်မေးလိုက်တော့ အမှုက ပေါ်သွားတာပေါ့ဗျာ” ဦးကြည်ဝင်းက ပြောသည်။

ဦးကြည်ဝင်းမေးမြန်းခဲ့သူကတော့ ဆက်သွယ်ရေးပစ္စည်းများကို ဝင်ရောက်သိမ်းဆည်းစဉ်က ကိုယ်တိုင်ပါဝင်ခဲ့သူ ဗိုလ်ကြီးမင်းထက်အောင်ဖြစ်သည်။

"အဲဒါအပြင်ကို ကျွန်တော်က ဒီပစ္စည်းတွေကို တပ်မတော်ကာကွယ်ရေးဝန်ကြီးလက်အောက်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက်က ဝန်ထမ်းတွေကိုင်တာမဟုတ်လားဆိုတော့ သူကလည်း ဟုတ်တယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကမဟုတ်သလို သူကိုင်တွယ်သုံးစွဲနေတာ မဟုတ်ဘူးဆိုတာတွေ ပေါ်တာပေါ့ဗျာ” ဟု ခုနှစ်ဦးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအကြံပေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းသည်ဟု တရားဝင်မကြေညာခင်ဖြစ်သည့် နံနက် ၄ နာရီက စစ်အရာရှိများက လုံခြုံရေးအဖွဲ့အဆောင်မှ စကားပြောစက် ခြောက်လုံး၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံအတွင်း ဝင်ရောက်သည့်ဂိတ်တွင် သုံးလုံး၊ ကိုယ်ရေးအရာရှိထံမှ တစ်လုံးနှင့် ရေဒီယိုလှိုင်းဖြတ်စက် တစ်စုံကို သိမ်းဆည်းခဲ့သည်။

ပစ္စည်းများသိမ်းဆည်းခဲ့သူတို့မှာ ဗိုလ်မှူးလင်းထွဋ်ဦးနှင့် ဗိုလ်ကြီးမင်းထက်အောင်တို့ဖြစ်သည်။

သို့သော် ဝင်ရောက်သိမ်းဆည်းချိန်တွင် ပါဝင်ခဲ့ခြင်းမရှိသည့် ဗိုလ်ကြီးအာကာမင်းနိုင်၊ ဗိုလ်ကြီးနိုင်လင်းအောင်တို့က ထိုနေ့နံနက် ၆ နာရီခွဲခန့်တွင် ဇဗ္ဗူသီရိမြို့နယ် ရဲမှူးကြည်လွင်ထံ သွားရောက်အပ်နှံခဲ့သည်။

ထို့နောက် ရဲမှူးကြည်လွင်ကိုယ်တိုင် တိုင်ချက်ဖွင့်ခဲ့ကာ ရှာဖွေပုံစံတွင် ဆက်သွယ်ရေးစက်ပစ္စည်းများသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်မှ ရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ရဲမှူးကိုယ်တိုင် တိုင်ချက်ဖွင့်တာ၊ တိုင်ချက်ဖွင့်တဲ့သူကလည်း သူကိုယ်တိုင်သိမ်းတဲ့သူမဟုတ်ဘူး။ ရှာဖွေပုံစံမှာအပ်တော့ သူကအပ်တဲ့ပုံစံမျိုး။ အဲတော့ အမှုက စပြီးတည်ဆောက်ကတည်းက ရဲမှူးကြည်လွင်ကလည်း ဒီကိစ္စတွေ သူသိတာမဟုတ်ဘူး။ ဗိုလ်မှူးလင်းထွဋ်ဦးနဲ့ ဗိုလ်ကြီးမင်းထက်အောင်တို့က ပစ္စည်းတွေကို ပေးလိုက်တဲ့အခါကျတော့ တိုင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ဝင်ရောက်ရှာဖွေရာဆိုပြီး အစချီထားတယ်။ အိမ်ကို ရှာဖွေတယ်လို့သာပြောတာ။ အဲဒီတိုင်ချက်မှာ သုံးနှုန်းပုံက အိမ်ကို ဝင်ရောက်ရှာဖွေရာသာပြောတာ ဒီစက်တွေက ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းတာမဟုတ်ဘူး” ဟု ဦးကြည်ဝင်းက ပြောသည်။

“သူကိုယ်တိုင်သိမ်းတာမဟုတ်ဘဲနဲ့ တိုင်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှ ရှာဖွေရာဆိုတဲ့ တိုင်ချက်ပါစာအရ ကျွန်တော်က ပြန်လှန်မေးခွန်းမေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းမိတာလားလို့မေးတာကို မဖြေဘဲနဲ့ အိမ်ကပဲသိမ်းတာပါလို့ပဲ ပြောနေတယ်။

တရားသူကြီးကို ကျွန်တော်ကပြောတယ်။ ဒီရဲအရာရှိက ဒေါ်အောင်ဆန်းစုကြည်အိမ်က ရှာဖွေရမိတာမဟုတ်ဘူးလို့ပေါ့။ ရဲကလည်း အိမ်ကရှာတာကြီးပဲပြောတယ်။ ဘယ်လိုနေရာတွေက သိမ်းမိတယ်ဆိုတာကို မသိပဲနဲ့ ထွက်ဆိုနေတာပေါ့” ဟု သူကဆက်ပြောသည်။

သို့သော် ယင်းနေ့ရုံးချိန်းတွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းစဉ်မှာ သက်သေအဖြစ်ပါဝင်ခဲ့သော အုပ်ချုပ်ရေးမှူးနှစ်ဦးကိုလည်း ဆက်လက်စစ်ဆေးရာ အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ အမှန်အတိုင်းထွက်ဆိုခဲ့ကြသည်ဟု သိရသည်။

“ရှာဖွေပုံစံသက်သေတွေက ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးပေါ့ဗျာ။ သူတို့ကလည်း ရိုးရိုးသားသားပဲ။ ခင်ဗျားဒါတွေမြင်ဖူးလားဆိုတော့၊ ရဲမှူးကြည်လွင်က ပြသလားဆိုတော့ ပြတယ်။ အဲဒါဟာတွေကို တွေ့ဖူးလား တွေ့ဖူးတယ်။ ဒါက တပ်မတော်နဲ့ ရဲဝန်ထမ်းတွေ ကိုင်ဆောင်တာဟုတ်လားဆိုတော့ ဟုတ်တယ်တဲ့။ မော်တော်ပီကယ်တွေလည်း ကိုင်တယ်တဲ့” ဟု ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှစ်ခုမှာ အကြောင်းအရာအတူတူ၊ တရားလိုအတူတူ၊ စွပ်စွဲခံရသူအတူတူ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ နိုင်ငံတော်စကားရပ်များဥပဒေဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးကို နှစ်ကြိမ်နှစ်ခါ တရားစွဲဆို၍မရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ဆိုသည်။

“ပို့ကုန်သွင်းကုန်ဥပဒေဆိုတာက နိုင်ငံခြားကို ပစ္စည်းပို့တာ၊ သွင်းတာ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်တဲ့လုပ်ငန်းအတွက် ဆိုလိုတာ။ ဒီဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဘာမှမဆိုင်ဘူး။ ကုန်ကြောင်း၊ ရေကြောင်း လေကြောင်းကနေ ပစ္စည်းတွေတင်သွင်းတာ လုပ်ငန်းလုပ်နေတဲ့ သူဌေးတွေကို ပြဋ္ဌာန်းထားတာ။ အခုလို ပြည်ထဲရေးဝန်ကြီးဋ္ဌာနကနေကိုင်တဲ့ ပစ္စည်းတွေက နဂိုထဲကိုက တိုင်းပြည်ရဲ့ လုံခြုံရေးအရ တပ်မတော်ကနေ ကိုင်ဖို့ ပေးထားတာ။ ဘာမှလည်းမဆိုင်ဘူး" ဟု ဦးကြည်ဝင်းက ပြောသည်။

"ဆက်သွယ်ရေးဥပဒေရဲ့ အဓိပ္ပါယ်က ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကိုပြောတာ။ အဲဒါက အသံလွှင့်တာတို့ ဘာတို့ဆိုတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကိုပြောတာ။ အဲဒီကိစ္စတွေမှာ အခုစကားပြောစက်တွေနဲ့ ဘာမှမဆိုင်ဘူး။ ဥပဒေကလည်းပဲ နှစ်ခုဖြစ်နေတယ်။ ဒီအကြာင်းအရာကိုပဲ တရားလိုအတူတူ၊ စွပ်စွဲခံရသူလည်းအတူတူ၊ အဲဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပဲဖြစ်ဖြစ်၊ နိုင်ငံတော်စကားရပ်များဥပဒေမှာဖြစ်ဖြစ် လူတစ်ယောက်ကို အကြောင်းအရာတူ၊ တရားခံတူ၊ ဥပဒေအကြောင်းအရာတူနေတာကို နှစ်ကြိမ်နှစ်ခါ တရားစွဲလို့ မရဘူးဆိုတာရှိတယ်” သူက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် စုစုပေါင်း အမှုခုနှစ်ခု စွဲဆိုထားသည်။

ယခုအမှုနှစ်ခုအတွက် နောက်ရုံးချိန်းကို ဇူလိုင် ၁၃ ရက်နေ့သို့ သတ်မှတ်ထားပြီး သက်သေများစစ်ဆေးမေးမြန်းရဦးမှာဖြစ်သည်။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...