တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်အစပ်တွင် ဒေသန္တရပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့နှင့် စကစလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့အကြား (၃) နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်အစပ် ရောင်းမော်ကျေးရွာ မူလတန်းကျောင်း၌ ဇူလိုင် ၇ ရက်နေ့ ည ၁၁း၃၀ နာရီအချိန်ခန့်မှ ဇူလိုင် ၈ ရက်နေ့ နံနက် ၂း၃၀ နာရီအချိန်ထိ နှစ်ဖက်အကြား ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။
“PDF ဘက်က သက်လတ်အရွယ် အမျိုးသားတစ်ဦးနဲ့ သက်ငယ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ နှစ်ယောက်တော့ စာသင်ကျောင်းနားမှာ သေနေတာတွေ့ရတယ်။ ဒီမနက် ၉ နာရီထိုးလောက်တုန်းက အလောင်းလာသယ်သွားပြီ” ဟု မျက်မြင်တွေ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရောင်းမော်ကျေးရွာ စာသင်ကျောင်းတွင် လုံခြုံရေးကင်းစောင့်နေသည့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့များက လာရောက်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
ယခု PDF နှင့် တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး ကျောင်းဝင်းအတွင်းမှ ပြန်လည်ပစ်ခတ်ရာတွင်ပါဝင်သည့် အမျိုးသားတစ်ဦးက သူတို့အဖွဲ့သည် ဌာနေ ပြည်သူ့စစ်အဖွဲ့ဖြစ်ကြောင်း ပြောသည်။
"သူတို့က ဆိုင်ကယ်လေးစီးနဲ့ ကျောင်းကိုလာပစ်တာ။ ငါတို့က ပြန်ပစ်တာ နှစ်ယောက်ထိသွားတယ်" ဟု စာသင်ကျောင်း ညဘက်ကင်းစောင့်ရာတွင်ပါဝင်သည့် အဆိုပါအမျိုးသားတစ်ဦးက ပြောသည်။
နှစ်ဖက်ကြား ပစ်ခတ်မှုများ စတင်ဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကား ၆ စီးခန့် ရောက်လာပြီး သေနတ်သံများနှင့် ဗုံးပေါက်သံများ ဆက်တိုက်ကြားရကြောင်း ရောင်းမော်ကျေးရွာတွင်နေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များဘက်မှ (၂) ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဘက်တွင် အကျအဆုံးမရှိကြောင်းနှင့် သို့သော် နှစ်ဘက်စလုံးတွင် ဒဏ်ရာရသူများရှိကြောင်း ကနဦးကြားသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ (ယမန်နေ့) နံနက် ၆ နာရီအချိန်ခန့်တွင် ရောင်းမော်ကျေးရွာတွင်းရှိ အသက် ၄၀ ကျော် ခန့်ရှိ လင်မယားနှစ်ဦး၊ ကွမ်းယာရောင်းနေသူ အမျိုးသားတစ်ဦးနှင့် နောက်ထပ် အမျိုးသားတစ်ဦး စုစုပေါင်း (၄) ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းမှာ စာသင်ကျောင်းအနီးဝန်းကျင်ရှိ နေအိမ်များနှင့် လမ်းကြားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓိကထား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ပျူစောထီးအဖွဲ့မှ တအိမ်တက်ဆင်း လိုက်လံပြသနေသည်ဟု ရောင်းမော်ရွာသားများက ပြောသည်။
ထားဝယ် PDF နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအတွင်း ပထမဆုံးသော တိုက်ပွဲတစ်ခုဖြစ်ပြီး အနီးရှိ မြိတ် (ဘိတ်)၊ ပုလောနှင့် ကော့သောင်းမြို့တို့တွင် လက်ရှိအချိန်ထိ ငြိမ်သက်နေဆဲဖြစ်သည်ဟု သိရှိရသည်။







