သျှမ်းမြောက် မြို့နယ်တစ်ချို့ ဆရာဝန်မလုံလောက် ကိုဗစ်လူနာများ ခက်ခဲကြုံ

သျှမ်းမြောက် မြို့နယ်တစ်ချို့ ဆရာဝန်မလုံလောက် ကိုဗစ်လူနာများ ခက်ခဲကြုံ

သျှမ်းမြောက် ကျောက်မဲခရိုင် သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ကူးစက်လူနာများအား ကုသရန် ဆရာဝန် မလုံလောက်သည့်အတွက် လူနာများ အခက်ခဲကြုံနေရကြောင်း သိရသည်။

ယနေ့ (ဇူလိုင် ၈) ရက် သီပေါပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေသည့် ကိုဗစ်-၁၉ လူနာ (၁၁၀) ခန့်ရှိပြီး၊ နမ့်လန်ပြည်သူ့ဆေးရုံတွင် (၃၀) ခန့်ရှိကာ ဆေးရုံတွင် ဆေးကုပေးမည့်ဆရာဝန် လုံလောက်မှုမရှိသဖြင့် ဆေးကုသရန်ခက်ခဲနေကြောင်း သီပေါမြို့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူနာတွေက နေ့တိုင်း တိုးလာနေတယ်။ ကုသပေးတဲ့ ဆရာဝန်အင်အားက အရမ်းနည်းတော့ လူနာတွေ အခက်ခဲကြုံနေတာရှိတယ်” ဟု သီပေါမြို့မှ ပါရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

ကိုဗစ်လူနာများထဲတွင် အောက်ဆီဂျင်အသုံးပြုနေရသည့် လူနာများလည်းရှိနေပြီး အောက်ဆီဂျင်လိုအပ်လာပါက ၎င်းတို့အသင်းမှ ရှာယူပို့ဆောင်ပေးနေရကြောင်း၊ လူနာများ ကုသရန်နေရာသစ်ကိုလည်း တရုတ်စာသင်ကျောင်းတစ်ကျောင်းတွင် ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီပေါမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံတွင် (၁၁၄) ဦးနှင့် နမ့်လန်ပြည်သူ့ဆေးရုံတွင် (၂၉) ဦး ကိုဗစ်လူနာများ ဆေးကုသနေပြီး (၄၃) ဦး ဆေးရုံဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။

“အရေးကြီးဆုံးက ကိုယ်က ကျန်းမာရေးမကောင်းဘူး၊ နာစေးချောင်းဆိုးနေတယ် ကိုယ်ပူပြီး ဖျားနာနေတယ်ဆိုရင် ကြိတ်ပြီး မကုပါနဲ့၊ မလိုလားအပ်ပဲ အသက်အန္တရာယ် ထိခိုက်နိုင်သလို စစ်ဆေးလိုက်လို့ ကိုဗစ်ပိုး ကူးနေတယ်ဆိုရင် ထိတွေ့မိတဲ့သူတွေလည်း များနိုင်တယ်၊ ပိုပြီးပျံ့နှံ့သွားနိုင်တယ်၊ ပိုပြီးဒုက္ခရောက်သွားမှာ” အဆိုပါ ပရဟိတဆောင်ရွက်နေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ (၁၈၆) ဦးရှိပြီး ယနေ့မနက်အစောပိုင်း သေဆုံးသူ (၁) ဦးအပါအဝင် သေဆုံးသူ (၆) ဦးထိရှိနေသည်။

ထိုနည်းတူ ကျောက်မဲမြို့တွင်လည်း ကျန်းမာရေးဝန်ထမ်းတစ်ချို့ CDM ပါဝင်နေသည့်အတွက် ကိုဗစ်လူနာများအား ကုသပေးမှု အားနည်းနေမှုရှသဖြင့် ဒေသခံများလည်း စိုးရိမ်နေကြကြောင်း သိရသည်။

“ဒီနေ့မနက် အိမ်နားက အသိတစ်ယောက် အသက်ရှူကြပ်လို့ သွားပြတာ နေ့လည် ၁၂ ခွဲထိ ဘာမှမလုပ်ရသေးဘူး၊ ကိုဗစ်လက္ခဏာလိုပဲ အသက်ရှူကြပ်ပြီး မောနေတာ၊ ပြီးတော့ ရုတ်တရက် ဆုံးသွားတဲ့သူတွေလည်းရှိတယ်၊ အဲလိုလူတွေကို လူနာတင်ယာဉ်တွေနဲ့ အမြန်ဆုံးလာသယ်သွားတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ကျောက်မဲတွင် ယမန်နေ့က ကိုဗစ်သံသယဖြင့် သေဆုံးသွားသော အမျိုးသမီးတစ်ဦး၏ မိသားစုဝင် (၁) ဦးနှင့် အခြားထိတွေ့သူများထဲမှ (၄) ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်လူနာများစွာတွေ့ရှိထားသည့် နောင်ပိန်ကျေးရွာတွင်လည်း နောက်ထပ် (၃) ဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

“အိမ်မှာက သက်ကြီးသမားရှိတော့ အရမ်းစိတ်ပူရတယ်။ နေ့တိုင်း အိမ်ရှေ့ကို လူနာတင်ယာဉ် တစ်စီးပြီးတစ်စီး ဖြတ်နေတော့ ပိုပြီး စိတ်ပူတယ်၊ ရပ်ကွက်ထဲကလူတွေလည်း အရမ်းကို စိုးရိမ်နေကြပြီ” အဆိုပါ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မူဆယ်နှင့် နမ့်ခမ်းမြို့များတွင်လည်း ကိုဗစ်ကူးစက်ခံရသည့်လူနာများ ပိုများလာသည့်အတွက် ဆေးရုံများတွင် နေရာလုံလောက်မှုမရှိသောကြောင့် တချို့လူနာများကို နေအိမ်တွင် ထားရှိရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင် ဇူလိုင် ၈ ရက် (ယနေ့) မနက်ပိုင်းထိ ကိုဗစ်–၁၉ ကူးစက်ခံရသူ (၂၄၀၀) ကျော်ရှိနေပြီး သေဆုံးသူ (၅၀) ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...