မကွေးတိုင်းဒေသကြီးအတွင်းက မကွေးနှင့် မြိုင်မြို့နယ်များတွင် ယမန်နေ့ ၅၉ နှစ်မြောက် 7 July ရက် အထိမ်းအမှတ်အတွက်ပါရည်ရွယ်၍ ပူးတွဲဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဇူလိုင် ၇ ရက်၊ နံနက်ပိုင်းက မကွေးမြို့၏ လူစည်ကားသည့် လမ်းထောင့်များနှင့် နေရာအတော်များများတွင် သတင်းပေးများနှင့် လက်နက်အပြည့်အစုံဝတ်ဆင်ထားသည့် ယူနီဖောင်းဝတ်လုံခြုံရေးများ ချထားသည့်ကြားမှ GZ များက နေစဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်ကြောင်း မကွေးမြို့ခံတစ်ဦးက ပြောသည်။
"ကလေးတွေက ဆန္ဒထုတ်ဖော်တာကို အရဲစွန့်လုပ်ကြတာ။ ဖမ်းမယ် ပစ်မယ် နှိပ်စက်မယ် ဒါတွေလုပ်မယ်ဆိုတာကို သိပေမယ့် အဓမ္မအာဏာသိမ်း စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြတာ၊ ဆန္ဒထုတ်ဖော်တာကို နေရာတိုင်း နေ့တိုင်း မရရတဲ့နည်းနဲ့ လုပ်ကြတာ" ဟု အဆိုပါမြို့ခံက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှ မြိုင်၊ ပခုက္ကူ၊ မကွေး၊ နတ်မောက်နှင့် အခြားမြို့နယ်များတွင်လည်း စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ် ဆန္ဒထုတ်ဖော်နေကြကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၇ ရက်နေ့တွင်ကျရောက်သည့် ၅၉ နှစ်ပြည့် 7 July အထိမ်းအမှတ် "၇.၇.၆၂ မမေ့ကြနဲ့" ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ခြင်းများကိုလည်း မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများအထိ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။







