အထူးဖိတ်ကြားသူအဆင့်ဖြင့် ညီလာခံသိုု့ UNFC တက်မည်မဟုတ်

အထူးဖိတ်ကြားသူအဆင့်ဖြင့် ညီလာခံသိုု့ UNFC တက်မည်မဟုတ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
အစိုးရမှ မိမိတို့အား အထူးဖိတ် ကြားသူ အဖြစ်ဖိတ်ကြားခြင်းကြောင့် ၂၁ ရာစု ပင်လုံညီလာခံ ခေါ် ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း UNFC မှ ပြောသည်။

“ကျနော်တို့ မတက်ဖြစ်တဲ့အပေါ်မှာပေါ့နော် ကျနော်တို့ကို အထူးဧည့်သည် အနေနဲ့ ဖိတ်ကြားတယ်။ ဒါကတော့ စကားလုံးလှအောင်တော့ အထူးဖိတ်ကြားသူပေါ့၊ အမှန်ကတော့ ဒါလေ့လာသူ အဆင့်ပါပဲ။ ကျနော်တို့က တခြား ကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့် ဆုံးဖြတ်ခွင့် မရှိတဲ့ အနေအထားပေါ်မှာ ကျနော်တို့က မတက်သင့်ဘူး လို့ ကျနော်ကတော့ အဲ့လိုမျိုးမြင်တယ်” ဟု UNFC ဒု-ဥက္ကဌ နိုင်ဟံသာ က ပြောသည်။

မေလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် UNFC ဗဟို အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

UNFC မှ အဆိုပြုထားသည့် အချက် (၉) ချက်အား အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရာ ပြေလည်မှု မရရှိ သေးသည့်အတွက် ရှေ့ဆက် တစ်ဆင့်တိုးရန် မဖြစ်နိုင် သေး ဟု UNFC မှ နိုုင်ဟံသာက ပြောသည်။

“အခုကတော့ ကျနော်တို့ ညှိနှိုင်းနေတဲ့ ကြားဖြတ်ညှိနှိုင်းနေတဲ့ (၉) ချက်အပေါ်မှာလည်း ပြေလည်မှု မရသေးဘူးဗျ။ ပြေလည်မှုမရတော့ ကျနော်တို့ကတော့ ရှေ့တဆင့်တိုးဖို့ ဆိုတဲ့နေရာမှာကတော့ သွားလို့မရ သေးဘူးပေါ့နော်”

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိ နှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN တို့တွေ့ဆုံရာ ငြိမ်းချမ်းရေး ကော်မရှင်ဖက်မှ DPN ကို ကတိကဝတ် စာချုပ် (DOC) လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အဆိုပြုထားသည်။

၂၁ ရာစု ပင်လုံညီလာခံသည် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်လာနိုင်ရေး ဇောင်းပေး ညှိနှိုင်းခြင်း၊ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြေလည်အောင် ချမှတ်ပေးခြင်း၊ ဒေသအလိုက် တိုင်း ရင်းသားမျိုးနွယ်စုအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ပြုခြင်း စသည့် အရေးကြီးသည့် အချက်များ မရှိသေးသည့်အတွက် ပြည်စုံမှုမရှိသည့် ဆွေးနွေးပွဲ တစ်ခုသာဖြစ်သည်ဟု UNFC က ထောက်ပြ သည်။

မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည့် ညီလာခံသို့ တက်ရောက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကော်မတီက UNFC အဖွဲ့ဝင် အဖွဲ့အစည်းများကို မေလ ၁၉ ရက်နေ့က အထူးဖိတ်ကြားသူ အနေဖြင့်ဖိတ်ကြားခဲ့သလို DPN ကိုလည်း သီးခြား ဖိတ်ကြားခဲ့သည်။

UWSA ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့မှ ကိုယ်စား လှယ်များမှာ တရုတ်နိုုင်ငံ၏ ကြားဝင် ညှိုနှိုင်းမှုကြောင့် ညီလာခံတက်ရန် နေပြည်တော်သို့ မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိနေပြီဖြစ်သည်။

တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ရ ဖွဲ့ နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP ၊ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP ၊ ရခိုုင်အမျိုးသား လွတ် မြောက်ရေးကောင်စီ ANC၊ လားဟူဒီမိုုကရက်တစ် အစည်းအရုံုး LDU နှင့်  ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့များ ပါ၀င်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIOနှင့် ၀ အမျိုးသား အဖွဲ့ချုပ် WNO တိုု့က UNFC မှ နှုတ်ထွက်ခွင့် တောင်းခံထားသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...