ကိုဗစ်ရောဂါဘေးကြောင့် ကျောင်းများပိတ်စေလို

ကိုဗစ်ရောဂါဘေးကြောင့် ကျောင်းများပိတ်စေလို

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ပြန့်ပွားမှု တိုးပွားလျက် စာသင်ကျောင်းများကို ပိတ်ပေးစေလိုကြောင်း မြိတ်မြို့က ကျောင်းသားမိဘအချို့က တောင်းဆိုလိုက်သည်။

တိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဇူလိုင်လ ၃ ရက် နေ့စွဲဖြင့် (ထားဝယ်၊ မြိတ်၊ ကော့သောင်း) ခရိုင်မြို့နယ်များရှိ စားသောက်ဆိုင်များနှင့် လဘက်ရည်ဆိုင်များကို ဇူလိုင် ၅ ရက်နေ့မှစတင်၍ ပါဆယ်ဖြင့်သာရောင်းချပေးရန် သတိပေးခဲ့ပြီးနောက် ကျောင်းသားမိဘအချို့ကလည်း အထက်ပါအတိုင်း တောင်းဆိုခြင်းဖြစ်သည်။

“ပါဆယ်စနစ်လုပ်တာတော့ ကောင်းပါတယ်၊ ကျနော်တို့လည်း ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် လူအများထိတွေ့နိုင်တဲ့ ဆိုင်တွေကိုတော့ ပိတ်ခိုင်းပြီး စာသင်ကျောင်းတွေ မပိတ်သေးတော့ ကလေးတွေအတွက် စိတ်ပူမိတယ်။ လူစုလူဝေးဖြစ်တဲ့ စာသင်ကျောင်းတွေလဲ ယာယီဖြစ်ဖြစ် ပိတ်ထားစေချင်ပါတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၄၀ အရွယ်ခန့် ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

မြိတ်မြို့အတွင်း COVID-19 ရောဂါပိုးတွေ့ ကူးစက်လူနာများ တိုးမြင့်တွေ့ရှိလာမှုကြောင့် မြို့နယ်တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် ဇူလိုင် (၄) ရက်နေ့ ညနေပိုင်းတွင် မြိတ်မြို့အနှံ့ ကားဖြင့်လှည့်လည်ကာ အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်နေသည်ဟု  မြိတ်မြို့က ဒေသခံများက ပြောသည်။

ဆိုင်ထိုင်စားသောက်ခြင်းများအပြင် လူစုလူဝေးဖြင့်လုပ်ရမည့် အခမ်းအနားများ၊ အလှူပွဲအခမ်းအနားများ၊ စင်တင်တေးဂီတ၊ ကာရာအိုကေ ဆိုင်ခန်းများကိုလည်း မပြုလုပ်ကြရန် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ကန့်သတ်ချက်တွင် ထည့်သွင်းထားသည်။

ဈေးများတွင်လည်း နေ့စဉ်စားသောက်ရန် လိုအပ်သည့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များမှအပ အခြားဆိုင်များကို ယာယီပိတ်ထားရန်လည်း ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထည့်သွင်းညွှန်ကြားထားသည်။

မြိတ်မြို့နယ်အတွင်းမှာ အထက်တန်းကျောင်း (၁၈) ကျောင်း၊ ကျောင်း (ခွဲ) (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁၂) ကျောင်း၊ ကျောင်း (ခွဲ) (၉) ကျောင်း၊ မူလတန်းကျောင်း (၇၂) ကျောင်း၊ မူလွန်ကျောင်း (၂၇) ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ) (၁) ကျောင်း၊ စုစုပေါင်း (၁၄၄) ကျောင်းရှိပြီး၊ ဇူလိုင်လ ပထမအပတ်အထိ ကျောင်းသူ/သား ၄၀ ရာခိုင်နှုန်းခန့် ကျောင်းတက်ရောက် ပညာသင်ကြားနေသည်ဟု မြိတ်မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ပြောသည်။

တနင်္သာရီတိုင်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၁၅၀၀ ကျော်ခန့်ရှိပြီး ထားဝယ်ခရိုင်တွင် ၂၄၆ ခန့်၊ မြိတ်ခရိုင်တွင် ၄၆၊ ကော့သောင်းခရိုင်တွင် ၁၅ ကျောင်းရှိပြီး ကျောင်းပေါင်း ၄၀၀ နီးပါးခန့်က ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု ပညာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း CDM ဝင်ထားသူ ဆရာမ ၇၀၀၀ နီးပါးခန့်ကို ရာထူးမှ ထုတ်ပယ်ထားသည်။

ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...