ဒဂုံဆိပ်ကမ်းတွင် အိမ်ထောင်စု ၄၀၀၀ အတွက် WFP မှ ဆန်ဝေ

ဒဂုံဆိပ်ကမ်းတွင် အိမ်ထောင်စု ၄၀၀၀ အတွက် WFP မှ ဆန်ဝေ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၇ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဇူလိုင်လဆန်းတွင် ဆန်ဝေငှခဲ့သည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ထားသည်။

ဆန်ဝေခြင်းကို ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

"ဆန်ကကြမ်းတယ်။ သူ့ချည်းချက်ပြီး ပူနေတဲ့အချိန်စားတာတောင် ကြမ်းတယ်။ နှစ်အိမ်ထောင်ကို တစ်အိတ်ဝေတာ။ အိတ်ကြည့်ပြီး ဆန်ကောင်းမယ်ထင်တာ။ ဆန်ကွဲတောင်ပါတယ်" ဟု ၈၇ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

စားနပ်ရိက္ခာဖြန့်ဝေရာတွင် အိမ်ထောင်စုတစ်စုကို ဆန် (၁၂ ဒသမ ၅) ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ရပ်ကွက်များကိုလည်း ဆက်လက်ဖြန့်ဝေနိုင်ရန် စီစဉ်နေကြောင်းကိုလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထည့်သွင်းဖော်ပြထားသည်။

"ဇီယာနဲ့ ဆန်ကွဲရောထားတဲ့ ပုံစံပေါ့။ ဆန်အချော ၂ လုံး၊ ဒီဆန် ၁ လုံး ရောချက်တာတောင် မာတယ်။ ကျမတို့ဆို စားခါနီးမှချက်တာ။ အေးသွားရင်မာလို့" ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်အတွင်း ဆန်အပြင် ဆီ၊ ဆား၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန် ပစ္စည်းအချို့လည်း ဝေပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိတွင် ဆန်တစ်မျိုးတည်းသာ ရရှိသေးသည်ဟု ဒေသခံများက ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြို့ပြက ဆင်ခြေဖုံးရပ်ကွက်အတွင်း နေထိုင်သူ ၂ သန်းနီးပါးကို အကူညီပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်က လူသုံးသိန်းကျော်ကိုလည်း ပြီးခဲ့သည့်လပိုင်းကပဲ စားနပ်ရိက္ခာများ ဖြန့်ဝေပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းက လူဦးရေ ၃ သန်းကျော်သည် ၃ လ မှ ၆ လအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာများနှင့် ကြုံရနိုင်သည်ဟု WFP က ဧပြီလတုန်းက ခန့်မှန်းထားခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...