စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးခဲ့သူလူငယ်တစ်ဦးကို ဇူလိုင်လ ၃ ရက်နေ့ (ယနေ့) တွင် မြေမြုပ်သင်္ဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်ပြည်မြို့နယ်၊ နဝင်းနယ်မြေ၊ ဖိုးခေါင်ကျေးရွာက စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးသွားသည့် ကိုစိုးမင်း ၃၄ နှစ်ကို ယနေ့ မွန်းလွဲပိုင်းတွင် မြေမြုပ်သင်္ဂြိုလ်သွားမည်ဟု မိသားစုဝင်များက ပြောသည်။
ဇွန် ၂၉ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ဇူလိုင် ၁ ရက်တွင် သက်ဆိုင်ရာက အလောင်းလာယူရန် အကြောင်းကြားလာခဲ့ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီဖမ်းဆီးစဉ်က မြရွာဘုန်းကြီးကျောင်းကို မီးရှို့သည်ဆိုသည့် စွပ်စွဲချက်သက်သက်ဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ပြီး နှိပ်စက်စစ်ဆေးမှုများကြောင့် ညတွင်းချင်းပင် သေဆုံးခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
”ဘာမှရေရာတဲ့ ပြစ်မှုမျိုး သူမလုပ်ဘူး။ အခုတော့ မြင်ရက်စရာတောင်မရှိဘူး။ တော်တော်လေးကို ရိုက်နှက်ထားတာ အညိုအမဲတွေနဲ့ ကိုင်ကြည့်တော့ လက်ကောက်ဝတ်တွေကျိုးနေတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
မြရွာဘုန်းကြီးကျောင်း မီးရှို့မည်ဆိုသည့်ကိစ္စမှာ ပုဂ္ဂိုလ်ရေးအရ လူချင်းမတည့်သူက လီဆယ်တိုင်တန်းမှုသာဖြစ်ကြောင်း ဖိုးခေါင်ရွာသားတစ်ဦး ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် သေဆုံးခဲ့ရသူ ကိုစိုးမင်းသည် သံဖြူလုပ်ငန်းတစ်ခုတွင် တစ်ရက်လျှင် ၇၀၀၀ ကျပ်ဖြင့် လုပ်ခစား အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး၊ ဇနီးဖြစ်သူမှာ အကြားအာရုံချို့တဲ့သူဖြစ်ကာ ရပ်ကွက်ထဲတွင် ခဝါသည် (အဝတ်လျော်) အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
ကိုစိုးမင်းမိသားစုသည် ကျူးကျော်မြေတွင် နေထိုင်ကြရပြီး ၁၁ နှစ်အရွယ်နှင့် ၂ နှစ်အရွယ် သားနှစ်ဦး ကျန်ရစ်ခဲ့သည်။
စစ်ကောင်စီ၏ လက်အောက်ခံများဖြစ်ကြသည့် ရဲ၊ စစ်တပ်၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးတွင် သေဆုံးခဲ့သူများထဲတွင် ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်/ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ပုလဲမြို့မှ ကဗျာဆရာ ကိုခက်သီတို့ကဲ့သို့ လူသိများသည့် ထင်ရှားသူများအပါအဝင် ပြည်မြို့က ကိုစိုးဝင်းနှင့်ဆိုပါက တစ်နိုင်ငံလုံးတွင် ၂၈ ဦးခန့်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း စာရင်းအရ သိရသည်။
ဖိုးခေါင်ကျေးရွာသည် ပြည်မြို့၏ နဝင်းချောင်းတဘက်ကမ်းတွင်တည်ရှိပြီး မြရွာသကြားစက်လမ်းမှတဆင့် ပြည်-အောင်လံ ဝက်ထီးကန်ဘက်သို့ ပြန်ထွက်သည့် လမ်းပေါ်ရှိ အရေးပါသော လမ်းဘေးရွာတစ်ရွာဖြစ်သည်။







