စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း/ပြည်ပတိမ်းရှောင်သူ ၂ သိန်းကျော်ရှိဟု UNHCR ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း/ပြည်ပတိမ်းရှောင်သူ ၂ သိန်းကျော်ရှိဟု UNHCR ထုတ်ပြန်

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှ အာဏာသိမ်းပြီးနောက် ၅ လကျော်အတွင်း ပြည်တွင်း/ပြည်ပ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ၏ ယခုရက်ပိုင်း နောက်ဆုံးထုတ်ပြန်လိုက်သည့် အရေးပေါ်အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုများအပေါ် အင်အားသုံးနှိမ်နင်းမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၂ သိန်းကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသူ ၂ သောင်းကျော်ရှိသည်ဟု UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အင်အားသုံးနှိမ်နင်းမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာထွက်ပြေးနေသူ ၂ သိန်း ၁ သောင်း ၁ ထောင်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ ထွက်ပြေးနေရသူ ၁ သိန်း ၇ သောင်း ၆ ထောင် ၉ ရာ အပါအဝင် အခုနောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းဟာ အရင်တလကထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများလာပါတယ်” ဟု UNHCR အရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းဒေသများမှာ ထွက်ပြေးနေရသူ ၁ သိန်းကျော်ရှိသည့်အနက် ယခုနောက်ဆုံးရရှိသည့် ကိန်းဂဏန်းမှာ ယခင်လထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများလာသည်ဟု UNHCR မှ ထုတ်ပြန်ထားသည်။

ထို့အပြင် ကချင်နှင့် ချင်းပြည်နယ်အပါအဝင် တချို့နေရာများမှာ မကြာသေးခင်ကစပြီး ပဋိပက္ခတွေ လျော့ကျလာသော်လည်း ရော့ကတ်များ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ စစ်တပ်မှ အင်အားတိုးမြှင့်ချထားမှုများ တွေ့ရှိလာရသည့်အတွက် စိုးရိမ်စရာအခြေအနေများ ရှိနေဆဲဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတရားမှုကိုဆန့်ကျင်သည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှု နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများနှင့်ဆက်စပ်ပြီး နစကကောင်စီ၏ အင်အားသုံးဖြိုခွင်းမှုများ၊ ပစ်ခတ်မှုများနှင့် ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ (ဇူလိုင် ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၈၈ ဦးထက်မနည်းရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ ဇူလိုင် ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၇၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦးအပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ  မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦးအပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသောကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီ” ဟု AAPP က ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်အထိစာရင်းများအရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ရောက်နေကြသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရရန်ကြိုးပမ်းသူ ၉ သိန်း ၈ သောင်းရှိခဲ့ပြီး ပြည်တွင်းတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ခန့်မှန်းခြေ ၃ သိန်း ၇ သောင်းခန့်ရှိသည်ဟု UNHCR က ဆိုသည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...