ဗန်းမောက်တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ၂၀၀ ကျော်ခန့် COVID-19 ကူးစက်

ဗန်းမောက်တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ၂၀၀ ကျော်ခန့် COVID-19 ကူးစက်

စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် COVID-19 ရောဂါလက္ခဏာတွေ့ရှိသူ အရေအတွက်မှာ စစ်ကောင်စီထုတ်ပြန်ချက်နှင့် ဒေသခံစာရင်းများ ကွာဟနေသည်ဟု ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့တွင် စစ်ကောင်စီကထုတ်ပြန်ထားသည့် စာရင်းအရ COVID-19 ရောဂါတွေ့ရှိသူ ၁၀၈ ဦးသာရှိသည်ဟု ထုတ်ပြန်ထားရာ ဒေသခံများကရရှိထားသည့် အချက်အလက်စာရင်းများအရ အယောက် ၂၀၀ ကျော်အထိရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဗန်းမောက်တွင် တတိယတန်းကျောင်းသားတစ်ဦးအပါအဝင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၀၈ ဦးအထိရှိလာသဖြင့် ဈေးဆိုင်အချို့လည်း ပိတ်သိမ်းခိုင်းထားပြီး လိုအပ်သည့် ကျန်းမာရေးလုပ်ငန်းများကို လျှင်မြန်စွာဆောင်ရွက်နေကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

ဗန်းမောက် ကိုဗစ်ကူးစက်မှုသည် ပန်းသတင်းစားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်မှ စတင်ပျံနှံခဲ့ခြင်းဖြစ်နိုင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးကို စစ်ဆေးလျှင် ၁၀ ဦးခန့် ပိုးတွေ့နေရကြောင်း၊ အမှန်တကယ်တွေ့ရှိသည့် အရေအတွက်ထက် လျှော့ပြောထားခြင်းဖြစ်သည်ဟု CDM ဝင်ထားသူ ကျန်းမာရေးအသိုင်းအဝိုင်းမှ ဝေဖန်ပြောဆိုနေကြသည်။

ဗန်းမောက်တွင် အထက်တန်းကျောင်းတစ်ကျောင်းသာရှိပြီး ကလေးအချို့ထံမှလည်း ပိုးတွေ့ရှိနေသော်လည်း ယခုအချိန်ထိ ကျောင်းများ ဆက်လက်ဖွင့်နေဆဲဖြစ်၍ ကလေးများအတွက် စိုးရိမ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“လူကြီးတွေကူးတာထက် ကလေးတွေကူးမှာစိုးရိမ်တယ်။ ကျောင်းတွေ အမြန်ပြန်ပိတ်ပေးစေချင်တယ်“ ဟု အဆိုပါကျောင်းသားမိဘက ပြောသည်။

ဗန်းမောက်ဆေးရုံတွင် ကိုဗစ်ရှိ/မရှိ စစ်ဆေးလိုလျှင်လည်း တစ်ဦးကို ကျပ်တစ်သောင်းခန့်ပေးပြီးမှ ဆေးစစ်ရသည်ဟု သိရသည်။

ပထမလှိုင်းကာလကတည်းက ပိတ်ထားခဲ့သည့် ပန်းသတင်းစားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်သည် ယခု စစ်ကောင်စီလက်ထက်မှ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် တတိယလှိုင်းဟုသတ်မှတ်နေသည့် ယခုအကြိမ် COVID-19 ကူးစက်မှုများတွင် ဗန်းမောက်မြို့ရှိ ရဲဝန်ထမ်းအချို့ ပါဝင်နေသည်ဟု သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇ အုပ်စုရှိသည့် ဗန်းမောက်မြို့တွင် လူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိပြီး လူဦးရေသိပ်သည်ဆမှာ တစ်စတုရန်းကီလိုလျှင် ၃၃ ဦးခန့်ရှိကြောင်း သိရသည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...