ကျိုက်မရောထောင်က ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးခဲ့ရာတွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ/သားများ မပါဝင်

ကျိုက်မရောထောင်က ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးခဲ့ရာတွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ/သားများ မပါဝင်

အကျဥ်းထောင်အသီးသီးတို့တွင် ဖမ်းဆီးထိန်းသိမ်းထားသူများအား ဇွန်လ ၃၀ ရက်နေ့က နစကကောင်စီ ပြန်လွှတ်ပေးခဲ့ရာတွင် ကျိုက်မရောထောင်၌ ထိမ်းသိမ်းခံထားရသော တက္ကသိုလ်ကျောင်းသူ/သားများ မပါဝင်ကြောင်း သိရသည်။

ကျိုက်မရောအကျဥ်းထောင်မှ ပြည်သူ ၃၃ ဦး လွှတ်ပေးခဲ့သော်လည်း မွန်ပြည်နယ်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လှုပ်ရှားမှုတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများကို ကျိုက်မရောအကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ မင်းသံစဉ်ဦးက ပြောသည်။

“ဥပဒေပြစ်ဒဏ်နည်းတဲ့သူတွေကျတော့ လွှတ်ပေးတဲ့ကဏ္ဍတွေရှိတယ်ပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့မှာက ၅၀၅ (က)၊ (ခ) အပြင် အခြားသော ပုဒ်မတွေနဲ့လည်း စွဲထားတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့နော်။ သို့သော် ကျွန်တော်တို့က အများကြီးတော့ မမှန်းလိုဘူး၊ မမှန်းဘူးဆိုတာက အများကြီးလွှတ်မယ်လို့ မမြင်ထားဘူး။ တက္ကသိုလ်ကျောင်းသားအနေနဲ့တော့ မည်သူတစ်ဦးတစ်ယောက်မှ လွတ်မြောက်တာမရှိခဲ့ဘူး” ဟု မင်းသံစဉ်ဦးက ဆိုသည်။

ကျိုက်မရောအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများထဲတွင် မွန်ပြည်နယ်ရှိ မြို့နယ်အချို့မှ ပြည်သူအနည်းစုသာဖြစ်ကြပြီး မတရားဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်ပြည်သူများ ကျန်ရှိနေသေကြောင်း ၄င်းက ဆက်ပြောသည်။

မင်းသံစဉ်ဦးက “အခုက လုံခြုံတဲ့တစ်နေရာကို ပြေးလာရတဲ့အခါမှာ စာရွက်စာတမ်းတွေက တစ်နေရာမှာကျန်ခဲ့တယ်။ အခုချိန် ဖမ်းဆီးခံကျောင်းသား/သူ စာရင်း ပြန်လုပ်နေရတဲ့အနေအထားဖြစ်တယ်။ By Name တော့မပါဘူး။ အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသားဘယ်နှစ်ယောက် ဘယ်မြို့နယ်၊ ဘယ်မေဂျာ ဘယ်နှစ်ယောက်ဆိုတာကို ပြန်ကြေညာပေးပါမယ်” ဟု ပြောသည်။

လက်ရှိအခြေအနေများအရ မော်လမြိုင်တက္ကသိုလ်မှ ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ကျောင်းသူ စာရင်းအတိအကျကို ကျောင်းသာသမဂ္ဂမှ ပြန်လည်ပြုစုနေရပြီး မကြာခင် Mawlamyine University Students’ Union က ကြေညာပေးသွားမည်ဖြစ်ဟု သိရသည်။

နစကကောင်စီကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၅ဝဝဝ ကျော်ရှိသည့်အနက် ၂၃ဝဝ နီးပါးကို ဇွန်လ ၃ဝ ရက်နေ့က ပြန်လွှတ်ပေးခြင်းဖြစ်ပြီး ကျန်နေသူများမှာ အကျဉ်းထောင်အသီးသီးနှင့် စစ်ကြောရေးစခန်းများတွင် ရှိနေဆဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက ခန့်မှန်းပြောဆိုသည်။

 
 

 

 

September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...