အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ပိုမိုဆိုးရွားလာနေကြောင်း အမျိုးသမီးအဖွဲ့များပြော

အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ပိုမိုဆိုးရွားလာနေကြောင်း အမျိုးသမီးအဖွဲ့များပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု အမျိုးသမီးအဖွဲ့များက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများအား ဖမ်းဆီးမှုလည်း ပိုမိုများပြားလာနေသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အကြံပေး ဒေါ်တင်တင်ညိုက ပြောသည်။

၎င်းက “ပိုများလာတယ်လို့ ပြောလို့ရပါတယ်။ ဘာလဲဆို အာဏာသိမ်းတာကို ဆန့်ကျင်တယ်ဆိုတဲ့ နိုင်ငံရေးအရ ဒီလှုပ်ရှားမှုပြီးလို့ရှိရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လူ့အခွင့်အရေးကျင့်သုံးမှုအပေါ်မှာ မူတည်ပြီးတော့မှ အဖမ်းခံရတယ်။ အချိန်မရွေး အဖမ်းခံရတယ်။ ကိုယ့်အိမ်မှာနေရင်လည်း သံသယမှုနဲ့ လာဖမ်းနိုင်တယ် ဆိုတော့ ဒီလိုမျိုး အဖမ်းခံရတဲ့ အမျိုးသမီးတွေက အများကြီးပဲ ဒီအထဲမှာဖြစ်နေတယ်ပေါ့။ အမျိုးသမီးပဲရှိ သေးတယ်ပေါ့လေ။ ဆိုတော့ တစ်နည်းမဟုတ်တစ်နည်းကတော့ ညှင်းပန်းနှိပ်စက်မှုတွေကတော့ ရှိနေကြတယ်။ အမျိုးမျိုး ဖိနှိပ်မှုတွေလည်း ရှိနေတယ်။ ဆိုတော့ နံပါတ်အရက အရမ်းကိုလည်း များလာတယ်လို့ ပြောလို့ရတယ်လေ။ ဒါကြောင့်မို့လို့ အာဏာမသိမ်းခင်တုန်းကအခြေအနေနဲ့တော့ အများကြီး ကွာဟမှုရှိပါတယ်” ဟု ပြောသည်။

အမျိုးသမီးများအား စကားအားဖြင့်သော်လည်ကောင်း၊ ကိုယ်ထိလက်ရောက်ဖြင့်သော်လည်းကောင်း နည်းမျိုးစုံသုံးကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်တွင် ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကလည်း “အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်၊ ဒီစစ်အာဏာသိမ်းမှုတွေကို မဆန့်ကျင်အောင် သူတို့ ခြိမ်းခြောက်ပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်။ ကျူးလွန်နေတာတွေရှိတယ်။ တစ်ချို့ကျတော့ ဒီဖမ်းဆီးပြီးတဲ့နောက်မှာပေါ့နော စစ်ဆေးမေးမြန်းတာတို့ အဲဒါနဲ့ပဲ လိင်ပိုင်းဆိုင်ရာတွေကို ကျူးလွန်တာတွေ အကြမ်းဖက်တာတွေ ရှိတယ်ပေါ့နော်။ နောက်တစ်ခုကျတော့ မသိပဲနဲ့ပေါ့နော အဲလိုမျိုးခေါ်သွားပြီးတော့ အမျိုးမျိုးပေါ့နော။ စွပ်စွဲတယ်ပေါ့နော်။ ဘယ်သူတွေနဲ့ ချိတ်ဆက်တာလဲ ဘယ်သူတွေနဲ့ အဆယ်အသွယ်ရှိသလဲ၊ ဘာညာ အဲလိုမျိုးစွပ်စွဲပြီးတော့ လိင်ပိုင်းဆိုင်ရာပါ ကျူးလွန်တာတွေ ရှိတယ်ပေါ့နော်။ အဲလိုပုံစံတွေ ကတော့ ကျမတို့သိရတယ်” ဟု ပြောသည်။

ဒေါ်တင်တင်ညိုကလည်း “ဥပမာဆိုလို့ရှိရင် မိန်းမကိုယ်ကို အဲလိုမျိုး အရာဝတ္တုတွေနဲ့ ထိုးသွင်းတဲ့ကိစ္စတွေကအစလုပ်တာ တစ်ချို့ကကျတော့လည်း စိတ်ဒဏ်ရာရအောင် မုဒိမ်းကျင့်မယ်၊ ဘာညာ ခြိမ်းခြောက်တာတွေကအစပေါ့နော်။ ဒါမျိုးလေးတွေကရှိတယ်။ နောက် အမျိုးမျိုးနှိပ်စက်တယ်။ ဒါတွေကတော့ ရှိနေတယ်” ဟု ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အနေဖြင့် စစ်ကောင်စီတပ်၏ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု အများကြီးထဲမှ အချို့အကြောင်းအရာများကို အချက်အလက်တိတိကျကျဖြင့် ရရှိထားပြီး စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ပြောမပြကြသည့် အမျိုးသမီးအရေအတွက်လည်း များစွာရှိနေသေးသည်ဟု ပြောသည်။

WLB က ရရှိထားသည့် အကြောင်းအရာ အချက်အလက်အချို့မှာ ၎င်းတို့ လက်လှမ်းမှီသလောက်သာဖြစ်ကြောင်းနှင့် လက်လှမ်းမမှီသည့် အမှုများစွာရှိနေသေးသည်ဟု နော်ဆဲဆဲက ဆိုသည်။

စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်အာဏာမသိမ်းခင် တိုင်းရင်းသားဒေသများတွင် အများဆုံး လုပ်ဆောင်ခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာအထိ လုပ်ဆောင်လာကြသည်ဟု အမျိုးသမီးအဖွဲ့များက ပြောသည်။

ဒေါ်တင်တင်ညိုက “ဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်တာပါ။ ဆိုတဲ့အခါကျတော့ မြို့ပေါ်မှာဆိုရင်လည်း နိုင်ငံရေးအရ လှုပ်ရှားတာမျိုးဖြစ်ရင် အမျိုးသမီးတွေ အဖမ်းခံရတယ်။ နှိပ်စက်ခံရတယ်။ ညှင်းပန်းခံရတယ်။ နောက်ပြီးတော့ခါကျလို့ရှိရင် တကယ့်နယ်တွေ တောတွေဖက်မှာဆိုရင်လည်းပဲ နိုင်ငံရေးအရ ခုနလိုပေါ့နော ဒီစစ်အာဏာရှင်စနစ် ဆန့်ကျင်လို့ ဖမ်းခံရတဲ့ အမျိုးသမီးတွေ ဒီအပေါ်မှာ အကြမ်းဖက် ချိုးဖောက်မှုတွေ ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်နေတယ်။ ဒါ အင်မတန်မှ စိတ်ပူစရာကောင်းတဲ့ အတိုင်းအတာ အနေအထားလို့လည်း ပြောလို့ရပါတယ်” ဟု ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရသည့် လူထုများထဲတွင် အမျိုးသမီးတော်တော်များများ ပါဝင်လျက်ရှိပြီး ထိုအမျိုးသမီးများမှာ နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခံနေရသည်ဟု ဆိုသည်။

စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အာဏာမသိမ်းခင်က စစ်မြေပြင်တွင် စစ်ဆင်ရေးဗျူဟာ တစ်ခု၊ စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း၊ အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားပြည်နယ်များနှင့် ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများတွင် အသုံးပြုခဲ့သည်ကို တွေ့ရကြောင်း နော်ဆဲဆဲက ဆိုသည်။

အာဏာသိမ်းပြီးနောက် အခြေအနေနှင့်ပတ်သက်၍ “အခု ဒီအာဏာသိမ်းတဲ့ အချိန်မှာဆိုရင်လည်း ဖြစ်လာတဲ့ အခင်းအကျင်း ပဋိပက္ခကြားထဲမှာ ဆိုရင်လည်း ဒီဗျူဟာကို သုံးတယ်ပေါ့နော။ ကျမတို့ ဒီအထူးသဖြင့် ထောင်ထဲမှာ အချုပ်ထဲရောက်တာပဲဖြစ်ဖြစ် ထောင်ထဲရောက်တာပဲဖြစ်ဖြစ် အများကြီးရှိတယ် အမျိုးသမီးတွေ ဘယ်လိုအခြေအနေတွေ ဖြစ်နေမလဲဆိုရင်လည်း ကျမတို့ မသိရတာတွေလည်း အများကြီးရှိနေတယ်ပေါ့နော” ဟု နော်ဆဲဆဲက ပြောသည်။

ထို့ကြောင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပြည်သူများအား နည်းမျိုးစုံဖြင့် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်အား အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရန် ကုလသမဂ္ဂအဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီလုပ်ဆောင်ပေးရန် အမျိုးသမီးအဖွဲ့များက တောင်းဆိုသည်ဟုဆိုသည်။

 

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...